Posts

Showing posts from 2020
 ကြယ်ကြွေညတစ်ညမှာ နတ်စီတဲ့ အိပ်မက်တွေမက်လို့ မှန်နံရံ အပြင်ဖက်က မင်းက ပြုံးစစနဲ့ လှမ်းကြည့်နေတယ် .... မင်းအပြုံးလေး မြင်ရတဲ့ခဏ နှုတ်ခမ်းက တွန့်ကွေးလို့ ထွက်လာပြန်တဲ့ အတွေးတစ်စ .... ဝမ်းနည်းပက်လက်နဲ့ ဆောက်တည်ရာမဲ့ အချိန်တွေ ထားခဲ့ချင်ပြီ ... တစ်ယောက်ထဲညတွေ ဖြတ်ကျော်နေဆဲပဲ .... (၁၆.၁၂.၂၀၂၀) ရန်ကုန်။
  ပျော်ရွင်ခြင်းများက   အလည်ရောက်လာ အိပ်မက်တွေလည်း   ခမ်းနားလို့ တိုးတိတ်ညင်သာ   စိတ်ကကြည်သာ အနာဂတ်ရေး   မျှော်တွေးတယ်  ..... အနေတတ်ဖို့   ငါလေ   ကြိုးစားခဲ့ စေတနာ   အတုအယောင်မထား အပြုသဘောသာ   ဆောင်လို့ ဘာလာလာ   ဒေါင်း   တယ်လေ  ..... (၁၁.၁၂.၂၀၂၀) ရန်ကုန်။ 

အရိပ်စစ်

ရှင်သန်ချိန်ခဏလေးမှာ ခိုလှုံရာ   အရိပ်စစ်လိုက်ရှာ စိတ်ထဲ   မဝံ့မရဲတွေလဲ   ပြတ်သားနိုင်ဖို့   အချိန်တစ်ခုသာ   ငါ ...  လိုနေတာ။   အချိန်တွေကြာခဲ့ပေမဲ့ သဘောထားချင်း   ယုံကြည်ချက်နဲ့   တူညီမှုရှာ ငါ့မှာ  ....  မောလှပြီ။   ဒီနေ့နဲ့မနက်ဖြန်တွေမှာ ငါဖွေရှာမိတာ   တစ်ခုတည်းသာ  .... ငြိမ်သက်   အေးမြတိတ်ဆိတ်မှုနဲ့မိတ်ဖွဲ့လို့ စိတ်ကူးထဲက   အိုအေစစ်တစ်ခုဆီသို့ ရောက်အောင်သွားဖို့ရယ်ပါ  .... (၀၁.၁၂.၂၀၂၀) ရန်ကုန်။
နင် ပျော်ရွှင်ရာ ရပ်ဝန်းမှာ ပျော်ပါစေ တောင်းဆုခြွေနေမယ် နှလုံးသားမှာ ရှိုက်သံတစ်ချက် လွင့်စင်ထွက်ကျယုံပါပဲ ..... ​ ကံကြမ္မာက ကိုယ့်ဖက်သာတယ် နာကျင်အချိန်ပိုက  ကိုယ့်အတွက် ကြိုးစားခွင့်တစ်ခုရယ်ပါ .....  တယုတယနဲ့ ထုဆစ်ခဲ့တာ အမြဲတမ်းပဲ လန်းလို့  ဖျက်ပစ် ဖြတ်ပစ်ဖို့မှ မဟုတ်ခဲ့တာ .....  နာကျင်မှုနဲ့ ကြင်နာမှုဆိုတာ သံစဉ်တေးသွားနဲ့ ချစ်ခြင်းတရားပဲလား အဖြေရှာဆဲပဲ ....။ (၂၅.၁၀.၂၀၂၀) ရန်ကုန်။
Image
  သိမ်းထားဆဲ   ဒီအလွမ်းတွေ နွမ်းပြီးမကြွေအောင်   ကိုယ်ထိန်းလို့ အတူမဆုံပေမဲ့   အတူရှိသလို စိတ်ထဲမှတ်ယူ   ပို့မေတ္တာစေတော့ အေးချမ်းရသူ   ကိုယ်က   ပထမပေါ့  ..... ကိုယ်ယုံကြည်ရာ   လျှောက်ကြည့်နေဆဲ တို့သွားကြမဲ့ခရီး   ရှည်လည်း ရည်ရွယ်ချက်တူလို့   အေးလည်းအတူပဲ ဆူးကြမ်းတွေ   လွှမ်းမနေစေဖို့ ဒိုင်းလွှားပမာ   ကာကွယ်လို့ရယ် ဆန္ဒညီတူ   ကြည်ဖြူစွာနဲ့ပဲပေါ့  .... တစ်နေဝင်ရစ်လို့   တစ်နေထွက်တိုင်း ရေတွက်ကြမယ်   ကောင်းခြင်းမင်္ဂလာတွေ စိတ်ကူးများလည်း   ပုံဖော်လို့ တန်ဖိုးထားရာတွေလည်း   မပြောင်းမလဲ   စွဲမြဲစေမယ်လေ  ..... အပတ်တကုတ်   ကြိုးစားကြတာ လွယ်လွယ်နဲ့   အားလျှော့ဖို့မှ   မဟုတ်ပဲ ပစ်တိုင်းထောင်လေးကို   နမူနာကြည့်လို့ ပတ္တမြားမှန်ရင်တော့   သူ့ရောင်ဝါက နွံထဲလည်း   ဖောက်ထွက်တာပဲမဟုတ်လား  ..... စောင့်နေမယ်   အရင်လိုလေးပဲ ဒီလမ်းကပဲ   ပြန်ခဲ့စေချင် ဒီဆောင်းမမှီပေမဲ့   နွေမိုးရောက်သွားလည်း အလွမ်းတွေတိုးလို့   မေတ္တာမိုးရွာ စိုစမ်းပါစေ   တိုးလို့လာစေ  ..... ။   (၁၁.၁၀.၂၀၂၀) ရန်ကုန်။
တို့တွေ့ချင်သေးတယ် ..... ဘဝတွေရယ် တိုတောင်းလှတယ် မျှော်နေတာတွေ လာလိမ့်အုံးမယ်လို့ အိပ်မက်တွေထဲတောင် လှနေသေးလို့ စိုးစိတ်မရှိ ပကတိ အသိနဲ့ စောင့်စားရင်းပေါ့ .....။ ကျန်းမာရေးလည်း ဂရုစိုက်ဖို့ အချိန်မှန်မှန် စား၊ အချိန်မှန်မှန်အိပ်ပါတဲ့ သံယောဇဉ်တွေနဲ့ မှာတမ်းလည်း ခြွေလို့ အရာရာအဆင်ပြေစေဖို့ နေ့စဉ် ဆုတောင်းမေတ္တာတွေပို့ ကြ ကပ်ကြီးပြီးရင် တို့တွေ့ရမယ်မှန်းလို့ရယ် .....။ တိတ်ဆိတ်ငြိမ်သက် တင်္ဂအတွက် ပူပန်စရာတွေကို မတွေးနဲ့တော့ အရာရာတိုင်းအတွက်  ကောင်းသောနေ့လေးတွေ ကြိုနေဦးမှာမို့ .....။ (၀၂.၁၀.၂၀၂၀) ရန်ကုန်။
  ဟေး   ရဲဘော်ရေ  .... ကိုယ်ယုံကြည်ရာတွေကို မ လှည့်စားနဲ့အုံး   အမှန်ကို   မြင်နိုင်ဖို့   စိတ်   အညစ်အကြေးတွေလည်း   ဆေးကြောရမယ် အဝေးက   လရောင်က  ဖမ်းဆုတ်လို့   မရတာ အရှိတရားသာ   မဟုတ်လား  ..... လမ်းဆုံးတော့ မဟုတ်သေးလို့ ဖြေးဖြေးနဲ့မှန်မှန်ပဲ   လျှောက်ကြစို့ စိတ်ကိုစိတ်နဲ့   ကုစားလို့ရမယ် မေ့ဖျောက်စရာတွေ   ဖယ်ထုတ် နောက်ဆုံးမှာ   ကိုယ့်ပျက်လုံး   ကိုယ်ထုတ်   ဟားတိုက်   ပစ်နိုင်တယ်လို့  ..... လောကဒဏ်တွေရယ် စူးနစ်   ဖောက်ထွက်လို့ အသစ်က   ပြန်စကြမယ် အများအကြိုက်   လိုက်ဖို့မလိုလို့ မထူးဇာတ်လည်း   မခင်းနဲ့ လမ်းလည်း   မပျောက်စေနဲ့ကွဲ့  .... ။ (၁၂.၀၉.၂၀၂၀) ရန်ကုန်။ 

မမြဲခြင်းတရားနဲ့အတူ

Image
သစ်ရွက်ကလေးတွေ လေသင့်ရာအရပ်ဆီလွင့်လို့ ငှက်ကလေးတွေလဲ မိုးလေရှောင်ရင်း ခိုနားနေရာက ဘေးကင်းလုံခြုံပါစေ......  နံနက်ခင်းမှာ စိတ်ပျော်ရွှင်စရာနဲ့အစပြု သာသာယာယာဘဝရဲ့ မှတ်တမ်းတွေ ရာဇဝင်ထဲမှာ ထားခဲ့ဖို့ ကြိုးစားမယ် ကြိုးစားရင်း ကျားဆိုးလိုလူတွေရဲ့အဝေး ပြေး ပြေး ရှောင်ရင်း ကိုယ်ခံပညာက အဆင့်တက်လာပြီထင်ရဲ့ ..... ရှေ့သို့ပြေးရင်း နောက်ပြန်လှည့်အကြည့် ဟိုတစ်စဒီတစ်စနဲ့ ဆွဲထုတ်ရအုံးမယ်လို့ အတွေးတွေ သယ်ဆောင်ရင်း ....... ထမ်းထားတဲ့ အထုတ်တွေလည်း လွှတ်ချဖို့သင့်ချိန် လွှတ်ချနိုင်ရမယ် မီးခိုးတလူလူ ညှော်နံ့တအူအူနဲ့ အို သင်္ခါရနဲ့ မမြဲခြင်းတရားက သူ့နေရာနဲ့သူ နေရာယူ အသင့်ရှိနှင့်ပြီးသားပဲမဟုတ်လား .....။ (၁၈.၀၈.၂၀၂၀) ရန်ကုန်။ 
ထောင်ချောက်တွေ ....  ............................................................ ဆူးတွေပြည့်နှက်ပေမဲ့ ပန်းခင်းလမ်းသဖွယ် မာယာအပြည့်နဲ့ကြိုတယ်  ..... မရိုးမရှင်းနဲ့   ဟန်တွေလုပ် မာန်တွေထုတ်ကြတဲ့   ဒီပွဲမှာ ရုံပြည့်ရုံလျှံလို့   ပွဲကြည့်   ပရိတ်သတ်ဟာ ရင်ဘတ်ဗလာ   ဟာတာတာနဲ့ ဇာတ်သိမ်းလည်းမျှော်လင့်တာ အဲမှာ   စတွေ့တာပဲ .....  နွေးထွေးတာလား   အေးစက်တာလား တစ်ဖက်တစ်ချက်   ယှဉ်ရပ်ကြည့်တော့ ချိန်ခွင်လျှာက   တစ်ဖက်စောင်းလေးနဲ့ပေါ့ .....  မျှခြေမတူတဲ့   ရလဒ်တွေက ရေရှည်မှာ   လွယ်ရဲ့လား သားကောင်ကို   ငံ့တလင့်လင့်စောင့်စားရင်း ဖိတ်ခေါ်နေတဲ့   ထောင်ချောက်ထဲ ဝင်တိုးရင်း တစ်စစီအဖြစ်ခံမလား .....  မသေချာတာတွေက   များလှလို့ သေချာနေတဲ့   ဒီတစ်ခုတော့ ဆွဲအုံးမဟဲ့လို့   တွေးရင်းကြည့်မိတော့ ကျားမြီးတဲ့ကွယ် .....  ။   (၀၃.၀၈.၂၀၂၀) ရန်ကုန်။
Image
အဆုံးမရှိ ..... ဆက်ရေးရအုံးမဲ့ ဘဝရဲ့တေးသီချင်းများ ရင်ဘတ်နဲ့ရင်း ဉာဏ်ပညာအလင်းတို့ ငံ့လင့်နေဆဲ အငြင်းအခုံရယ်မဲ့စွာနဲ့ ငါတို့လျှောက်ကြစို့ ..... အရိုးသားဆုံးနဲ့ နှုတ်ထွက်စကားများ မျှားလိုခွင်း ပျားလိုသင်းစေ ကံစီမံရာ ကိုယ်တိုင်လိုက်မျောရင်း သတ္တိတို့မွေးလို့ လောကဒဏ်ကို အလဲထိုးရအောင် ..... ဒုက္ခတွေကို သုခနဲ့ရောစပ် စိတ်မပျက်လိုက်ပါနဲ့  မနက်ခင်းတိုင်း အပြုံးနဲ့နိုးထ ငါဆိုတဲ့ အတ္တကို ဖြိုချ ပူလောင်ခြင်းများကို ငြိမ်းသတ်ရမယ် ..... အတုအယောင်တွေနဲ့ ဝေးရာသာပြေးလို့ စစ်မှန်ခြင်းအတွက် အားပေး အဲဒီ ခွဲခြားခြင်းကိုတော့  လက်သင့်ခံဖို့ လိုမယ်လေ ......။ (၀၁.၀၈.၂၀၂၀) ရန်ကုန်။ 
Image
အံဩစရာတော့ မရှိပါဘူးလေ ပဌာန်းဆက်တွေ ရှိနေတာ ခုချိန်ထိ အတွေးတူ အမြင်တူတာတွေက အကြောင်းတရားတစ်ခုပဲပေါ့ .... လိုအပ်ချက်နဲ့ လိုချင်တာခွဲခြားသိလို့ရယ် ရင်ဘတ်ချင်းနီးသူချင်းသာ သိတဲ့ဒီလမ်းဟာ ယုံကြည်ခြင်းနဲ့ ပဋိညာဉ်တစ်ခုအခြေပြု သက်ဆုံးတိုင်ထိ သွားကြရအုံးမယ်လို့ ခိုင်မြဲတဲ့သစ္စာတွေ ထားလို့ရယ် ရှေ့ဆက်ရဦးမယ် ..... ခရီးလမ်းရယ် ချောမွေ့မှုက ရာနှုန်းပြည့်တော့ ဘယ်ရှိပါ့မလဲ လောကဒဏ်ကို အလဲထိုးဖို့ ဒီတစ်ချီ နောက်ကျလို့ မဖြစ်တာမို့ သက်လုံကောင်းအောင် လေ့ကျင့်စို့ .....။ (၂၇.၀၇.၂၀၂၀) ရန်ကုန်။
Image
ကြက်ဥအရောင်   တိမ်တောင်သဖွယ် ခန့်မှန်းရခက်စွာ   လိုက်လို့မမှီ   တွေးမပီ သူ့အခင်းအကျင်းနဲ့သူမို့ ယုံကြည်ခြင်းနဲ့သာ   ဝန်းရံလို့ ငါတို့ရှေ့ဆက်မည်  .....။ .....  မှတစ်ပါး   အခြားမရှိမို့ ကွဲကွဲပြားပြား သိဖို့လိုပြီကွဲ့   ခရီးဆုံးထိ ရောက်အောင် ဒီရထားနဲ့သာ   အမှီလိုက်ခဲ့ ..... အနေအစားချောင်   သက်သာရာလည်း မလိုက်ကြတယ် လူဟောင်းတို့လည်း   မူပြောင်းလို့ ပိုကောင်းမဲ့   မနက်ဖြန်များရယ် ကြုံချင်သေးတယ်  ..... ။ (၂၄.၀၇.၂၀၂၀) ရန်ကုန်။
"သံယောဇဉ်ရှိရာရဲ့ ဟိုးတစ်ဖက်ကမ်းမှာ" ကိုယ့်သံယောဇဉ်တွေနဲ့   သူအေးပါစေ   ရည်ရွယ်ရင်း အတားဆီးမဲ့   မေတ္တာပို့ဝေလို့ ဆန်ပေးလို့ဆီရဖို့သာ   မျှော်ကြခေတ်ထဲမှာ ကိုယ်တစ်ယောက်မပါဘူးဆိုတာ အချိန်တွေက   သက်သေထူလို့   ဆယ်စုနှစ်တာ   ကျော်လာခဲ့ပေါ့  ..... အမြင်တွေတူ   အကြိုက်တူလို့ရယ် စကားဖောင်ဖွဲ့လို့   တောတောင်ရေမြေ သဘာဝတွေ   အကြောင်း  ကျွမ်းကျင်ရာ   လိမ္မာရာလည်း   တစ်ကြောင်းပေါ့  ..... အို   လေးဆယ်ကျော်တို့ရဲ့   ခရီးလမ်းမှာ အဓိကက   ကျန်မာခြင်းက   လာဘ်တစ်ပါးမို့ Life style  တွေထဲမှာ   အနေအထိုင်တတ်ဖို့လည်းလိုပြန်တာမို့ အချင်းချင်း သတိတွေပေးကြရင်းပေါ့ ..... ခေါင်းက   ဆံပင်ဖြူတွေ   အလံထူလာတိုင်း စိတ်တွေပါ   ပိုပိုဖြူလာနိုင်ရင်   ကောင်းမယ် ခြင်ဆီတွေမခမ်းခြောက်ရေး   ဒို့အရေး အမြင်တွေပိုပို   မမွဲလာဖို့အရေး   ဒို့အရေး အရာရာ   စိတ်ချလက်ချ   နေထိုင်စားသောက်ဖို့အရေး   တွေးကြရင်း နေဝင်ချိန်မှာ လောကကို အလှဆုံးပြုံးပြရင်း ငြိမ်းအေးရာဆီ တစ်နေ့ပြီးတစ်နေ့ ဖြေးဖြေးနဲ့မှန်မှန် လျှောက်ကြမယ်ကွယ်  ....။ (၂၂.၀၇.၂၀၂၀) ရန်ကုန်။
စကားလုံးတစ်ချို့ ဘရိတ်အုတ်လို့ ဘယ်ဖက်ရင်အုံက တစ်ဒုတ်ဒုတ်မြည်တယ်..... စိတ်မကောင်းခြင်း တေးသွားတစ်ပုဒ်နဲ့ အိပ်မက်တွေကို ပြန်ဖုံးအုပ် လက်တွေ့မှာ ဖြစ်မလာဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် ..... နေတတ်သလိုပဲ နေခဲ့ပါတယ် ချီးမွမ်းခြင်းမှာ မသာယာမိဖို့ ကဲ့ရဲ့ခြင်းလည်း ခဏတာဆိုတာ ပိုပိုသိလာခဲ့လို့ မတုန်မလှုတ် ကျောက်ရုပ်သာသာ  ခေါင်းကြောက မာမာနဲ့ နဖူးရေဒူးရေကတော့  စမ်းကြည့်မှ အသားမာတွေက အတိုင်းသား ..... အရှိန်အဝါတွေရဲ့ကြားမှာ  နဂါးမှန်းသိအောင် အမောက်ကလေးတသသနဲ့ တစ်ခါတစ်ခါမှာ တန်းခိုးတွေလည်း ပြလို့ တစ်ခါတစ်ခါမှာတော့  ကြောင်လက်သည်းဝှက်ထားရသလို တိတ်တိတ်ကလေးနဲ့ပဲ ကိုယ် နေသွားမယ် .....။ (၂၁.၀၇.၂၀၂၀) ရန်ကုန်။ 
လောဘ၊ ဒေါသ၊ မောဟတွေရယ် တစ်နေ့ပြီးတစ်နေ့  တိုးတိုးလာကြ ဒီလောကဝယ် ..... တစ်ချို့က လောဘသမုဒ္ဒရာထဲ လက်ပစ်ကူးလို့ ကမ်းမမြင်လမ်းမမြင်နဲ့ သောကပင်လယ်ဝေလို့ ကောင်းတုန်း ..... ဒေါသ၊ မောဟ ဝင်္ကဘာတောမှာ တစ်ချို့ လမ်းပျောက်လို့ ဆင်ကန်း တောတိုးသလိုတိုးရင်း ..... တကယ်တမ်းတော့ မြင်းမိုရ်တောင်လောက်ကြီးတယ် ထင်တဲ့ကိစ္စတွေက အချိန်တစ်ခုရောက်တော့ ဇီးစေ့လောက်သာသာ ဖြစ်ပြီးပျက် အနိစ္စသဘောနဲ့ မမြဲနေတာများ ဖက်တွယ်ထားစရာ ဘာမှမရှိတဲ့ မမြဲခြင်းတရားလို့ ဆင်ခြင်ကြဖို့သာလိုမယ်လေ .....။ (၁၉.၀၇.၂၀၂၀) ရန်ကုန်။
ကပ်ရောဂါရယ် နှိပ်စက်လွန်းတော့ တစ်ဝမ်းတစ်ခါး အတွက် အသက်မွေးမှုရယ် ခက်ခဲလာ ရပ်တည်ရာတွေ ပြောင်းလို့ အကြံတွေတူလို့ရယ် ဈေးရောင်းကြတယ် .... ပေါ်ပင်မှာ ပျော်ဝင်နစ်ကြတယ် တစ်ချို့လည်း ခေတ်နောက်အမှီလိုက် အများအကြိုက် လိုက်ရှာရတာ ကိုယ့်ကိုယ်ကိုယ်တောင် ပျောက်လုပျောက်ခင် ..... ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်ရပ်တည်ချက်ရယ် ထပ်တူမကျနိုင်ပြီမို့ တစ်ကိုယ်တော်လည်း ဈေးရောင်း ကိုယ့်ကိုယ်ကိုယ် အရောင်တင်ရင်း ဈေးသည်ဘဝ တစ်ခဏပဲဖြစ်ကြပါစေ .....။ (၁၇.၀၇.၂၀၂၀) ရန်ကုန်။

ဘဝတာမှာ .....

Image
တစ်ဖက်စောင်းနင်းနဲ့ ဘဝတွေများ ခုတ်ရာတခြား ရှရာတလွဲတွေနဲ့ ခုနေလွဲတာလဲ လွဲစေအုံးပေါ့ မျှော်နေဦးမယ် မနက်ဖြန်များအတွက် တစ်နေ့စာ တစ်နေ့တွက်သာ ကျော်ဖြတ်ကြရင်းနဲ့ကွယ် ..... ဖြေးဖြေးမှန်မှန်လျှောက်ခဲ့ကြ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ..... ဘဝတာမှာ လွယ်အိတ်လိုလူနဲ့လည်းကြုံရမယ် နှုတ်ဖျားမှာ ပျားရည်လူးထားသယောင်နဲ့ အဆိပ်တွေအပြည့်နဲ့ ပညာတွေကြွယ်တဲ့ လူတွေနဲ့လည်း တွေ့ရလိမ့်မယ် ..... မင်းဖက်ကကြည့်တော့ လက်ဖဝါး သူ့ဖက်ကကြည့်တော့ လက်ဖမိုးရယ် နှစ်ဖက်အမြင်နဲ့ သူ့နေရာလည်း ဝင်ခံစားလို့ အဖြူအမဲရယ်မခွဲ မူမှန်သူရယ်ဖြစ်ဖို့ ဟန်ကိုသာထုတ်   အမှန်မလုပ်တဲ့   ရပ်ဝန်းကို အမှန်အကန်မထင်မိဖို့   သတိမူ ဟန်ဆောင်အလွှာတွေကို   ဖယ် အပြောမဟုတ်   အလုပ်နဲ့ရယ် သက်သေထူကြမယ်လေကွယ်  .....။ (၁၄.၀၇.၂၀၂၀) ရန်ကုန်။ 
စနေမိုးစွေတုန်း   သတိရစိတ်တွေက ထုံးစံတိုင်း   ဇာတ်လမ်းပမာ တွေးစရာများနဲ့   သယ်လာခဲ့တယ်  .....  အသက်က   စကားပြောလာလို့ အတွေးတွေလည်း   မာရေကျောရေနဲ့ အရေးမပါမှုတွေ   အရာမပေးချင်တော့တာ ငယ်စဉ်ချိန်ခါမှာတော့   ပျော့ပျော့ပျောင်းပျောင်း   ဖော့ဖယောင်းကဲ့သို့ ခုခါမှာတော့   ယုံကြည်ခြင်းတွေနဲ့ Fighting  တွေ  Play  ဖို့   အဆင်သင့်မို့ သက်လုံကောင်းဖို့   တစ်နေ့တစ်နေ့ အတွင်းအားတွေ ကျင့်လို့ရယ်  ..... ဘိန်းမုန့်ဖုတ်နည်းက နှမ်းဖြူးနည်းလောက် ပညာသားမပါတဲ့   ခေတ်မယ် မရောင်ရာ   ဆီလူးရင်း   အနာနဲ့ဆေး   တည့်မဲ့ချိန်သာ မျှော်နေရင်း   မောလာပြီလို့  .....။ (စနေမိုးနဲ့ အတွေးများ) (၁၂.၀၇.၂၀၂၀) ရန်ကုန်။

စစ်မှန်တဲ့လမ်းဆီသို့ .....

အဆင်ပြေပါတယ် ပျော်နေပါတယ်လို့ ကြားရသူဖေမေ စိတ်နှလုံးရွှင်ပြုံး ရတက် အေးစေလိုရင်းမို့ အဖြူရောင် မုသားတွေသုံးလို့ ဘဝတွေ ရှေ့ဆက်ရသူတွေ ရှိတယ် ..... စိတ်က တောင်ယာဆီရောက် အာရုံတွေနောက် တကောက်ကောက်လိုက်ရင် ဘဝလမ်းမယ်  အဆင်ပြေဖို့လည်း ခက်လှတယ်ဆိုတာ မောင်ညီမလေးတွေကို ပြောပြချင်လို့ ..... စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ လက်တွေ့ကျဖို့သာ လိုလို့ တွေဝေမှု ဝင်္ကဘာထဲက အမြန်ရုန်းထွက်ဖို့လည်း လိုပြန်တာ ..... တစ်ကိုယ်တည်း ကောင်းဖို့အရေး မင်း  မတွေးစေချင် ... အတ္တတွေ ထူထောင်လို့ ကိုယ့်အတ္တနဲ့ကိုယ် ချောင်ပိတ်မိမှ ရုန်းထွက်ဖို့ကြိုးစားရ ခက်လှတာမို့ စစ်မှန်တဲ့လမ်းရဲ့  ဦးတည်ရာဆီသာ သွားဖို့ရည်စမ်းပါကွယ် ...... (၁၁.၀၇.၂၀၂၀) ရန်ကုန်။
တစ်စုံတစ်ယောက်ရဲ့ ခြေအစုံမှာ အဆင်တန်ဆာဖြစ်တဲ့ လှတပတ အဖိုးကြီးလှ Branded တစ်ခုက လူ့တန်ဖိုးရယ်အတွက် သတ်မှတ်  လူရာဝင် လူတောတိုးတဲ့ခေတ်မယ် အသက်မွေးရာ တူပါသော်လည်း အဆင်တန်ဆာမှာ ဝန်ကျဉ်းပေါ့ပါး သူ့ခြေအစုံက သာမန်မျှသာရှိလို့ သူ့တန်ဖိုးသူသိ  သူခွဲခြားတာ အဓိကနဲ့သာမညမျှသာမို့ .... လူချင်းတူတူ အသက်ရှူချင်းကွဲကြလို့ ဘဝမှာ မြင်တဲ့အမြင်ရယ် ကွဲကြပြန်တယ် တန်ဖိုးထားမှုလည်း မတူကြလို့ မတူ ကွဲပြားခြင်း ရဲ့နောက်မှာ မိန်းမ၊ ယောက်ျား ထူးမခြားနား ဦးတည်ရာလမ်း မပျောက်တမ်းပဲ လျှောက်ကြရင်းပေါ့လေ .....။ ( ဖိနပ်ကလေးတစ်ရံနဲ့ လူတန်ဖိုး အကြောင်း ဆက်စပ်တွေးမိတဲ့ အတွေးတစ်စ ) (၁၁.၀၇.၂၀၂၀) ရန်ကုန်။ 

ကိုယ်ထင် ကုတင်ရွှေနန်းပေါ့ .....

ထူခြားဆန်းပြား မနေပေမဲ့ မေတ္တာများနဲ့မို့ ဆေးစက်ကျရာ အရုပ်ထင်လို့ အဖြူရောင် ကားချပ်ဟာ လှပတဲ့ ပန်းချီကားဖြစ်လာတယ် ..... စိတ်ကူးနဲ့ နှလုံးအိမ် အချိတ်အဆက်မိချိန်မှာတော့ အရောင်အသွေးရယ် ညီညွတ်မျှတ သဟဇာတဖြစ်လွန်းတယ် ..... အဲဒီနောက်မတော့ ငြိမ့်ညောင်း ညင်သာခြင်းတွေနဲ့ ငြိမ်းချမ်းတဲ့ဆီ သူလှမ်းခေါ်တယ် ..... အို ... ရခဲလှတဲ့ လူ့ဘဝမယ် အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အစပြုရာ ဒီနေရာက  ကိုယ့်အတွက်တော့ ရွှေနန်းတမျှပဲလေ ....။ ( ၀၇.၀၇.၂၀၂၀ ) ရန်ကုန်။ 

မျက်ရည်များအကြောင်း

Image
ဟိုးအတွင်းထဲက အချက်ပြ တားဆီးကာမရ ထွက်ကျလာသည် မျက်ရည်များက စိတ်ဝယ်ခံစား မတူကွဲပြား ရှိလေသည် ..... မချိတင်ကဲ နာကျင်စရာများနဲ့ အားငယ်မိတဲ့ အချိန်တွေမယ် မျက်ဝန်းက မျက်ရည်တွေက သက်သေတည်လို့ရယ် ..... ရယူခြင်းနဲ့ ပေးဆပ်ခြင်းတွေကြုံလာ တုန့်ပြန် မေတ္တာတွေနဲ့ ပီတိရင်ဝယ် စီးဆင်းလေသောခါ မျက်ဝန်းထဲမှာ  သူက နေရာယူပြန်တယ် ..... ပူဆွေးဆူကြွ တသသနဲ့ ရင်တွင်းရှိုက်ကာ စိတ်အစဉ်မှာ တဒင်္ဂမျှ ဖြေလျော့လေတော့ တသွင်သွင်စီးကျခဲ့ပြန်ပေါ့ ..... နောင်တရင်ဝယ် ပြင်းပြလွန်းစွာ ဖြစ်လာတဲ့အခါ မျက်ဝန်းစိုစိုမှာ တွဲလဲခိုလို့ ဒီမျက်ရည်များက သမားတော်အလား ကုစားခဲ့ရပြန်  ..... အပြုံးမျက်နှာထက် မျက်ဝန်းစိုစိုမှာ ကျလုကျခင် ဒီမျက်ရည်များလည်း မျိုသိပ်ကာသာ သိမ်းခဲ့ရပြန်ပေါ့ ..... ဘဝလမ်းဝယ် ကျခဲ့လေသော ဒီမျက်ရည်တွေကို သရုပ်ခွဲ အားတစ်ခုအဖြစ်သာ ခံယူလို့ အစွန်းနှစ်ဖက် ရှောင်ဖို့ရည်ရွယ် .....။ (၀၄.၀၇.၂၀၂၀) ရန်ကုန်။