Posts

Showing posts from January, 2020

ဆေးတစ်ခွက်ရှာဖွေခြင်း

အနတ္တ အစိုးမရခြင်းများနဲ့ အနည်းနဲ့အများ ချိန်ထိုးကြည့်တော့ မမြဲခြင်းတရားက နေရာတကာ ..... မောဟ မသိခြင်းအမှောင်တွေ လွန်မြောက်စေဖို့  ဉာဏ်ပညာအလင်းနောက်သို့ လိုက်ဖို့ လိုပြီလို့ အချက်ပြတဲ့ခါ ..... အသိတရားတို့  မြဲမြံစေဖို့ သတိဆိုတဲ့ နေအိမ်ကိုတည်ဆောက်လို့ သံသရာ ခရီးသွားတို့  ငြိမ်းအေးမှုကို ဖွေရှာ စိတ်ဒဏ်ရာတွေတွက် အစပ်အဟတ်တည့်မဲ့ ဆေးတစ်ခွက် မတွေ့တွေ့အောင်ရှာ .....။ TTH (24.1.2020)

အို တစ်ပင်တည်း .....

Image
ဒီလောက်နဲ့ပဲ   ကျေနပ်နေမယ် ရထားတဲ့   အခွင့်အရေးလေး ပျောက်ပျက်သွားမှာ   ကိုယ်စိုးလို့ ခြေတစ်လှမ်းထပ်တိုးဖို့   ကိုယ်မဝံ့ရဲခဲ့တာ  .....  ဝေးဝေးက   လွမ်းရလည်း   အလွမ်းတွေက   ပုံသေနည်းထဲကလို အဖြေထွက်ပြီးသားမို့ လွမ်းနေယုံ   သက်သက်ပဲ  .....  သံသယတွေနဲ့   ဝေးဝေးမှာ အနေကြာတော့လည်း   ထုတ်သုံးစရာ   မာနမှ   မလိုတော့တာ ....  ။   အေးအေး   ဝေးဝေးလေးပဲရှိပါစေ မေတ္တာတန်းခိုးနဲ့     ကြားလေသွေးလည်း ရင်ဘတ်ထဲမှာ   ရှင်သန်လို့   အို ...    တစ်ပင်တည်းလည်း   ဖြစ်တယ် .....  ။   TTH (19.1.2020)

ညီမလေးအတွက် (၂)

Image
ညီမလေးရေ ဘ၀မှာ လေထန်တဲ့ချိန် ယိုင်နဲ့စေယုံလောက်နဲ့ လမ်းပျောက်သွားတာမှ မဟုတ်တာ တစ်ပွဲတစ်လမ်း အကဲတော့ စမ်းသင့်တာပဲလေ။ အရာရာ ပုံကြီးချဲ့ဖို့လည်း မစဉ်းစားနဲ့ လောကမှာ ချိတ်ချင်းချိတ်ချင်းသာ ငြိတတ်တဲ့ သဘောမို့ သူဖြောင့်ကိုယ်ဖြောင့်နေရင် ခရီးသွားဟန်လွဲ ခဏတာဖြစ်ဖြစ် တစ်ဘ၀စာဖြစ်ဖြစ် မိတ်ရင်းပမာ စိတ်ရင်းတိုင်းသာ ပြုမူကျင့်ကြံ နေထိုင်ကြည့်ပါ။ အတ္တမပါ နှစ်ဖက်အမြင်နဲ့  မြင်ကြည့်ကြည့်ပါ ရိုးရှင်းစွာတွေးလို့ ပူလောင်မှုနဲ့ မိတ်သဟာရ မဖွဲ့ အေးမြမှုနဲ့သာ မိတ်ဖွဲ့စေလိုတာ ။ အရင်တစ်ချိန်ခါက ကမ္ဘာပြိုမတတ် သောကများက အခုနေခါ မြူမှုန်ပမာဖြစ်နေတတ်တာမျိုးကွဲ့ ..... ခုချိန်ခါမှာ ဖြစ်ပျက်သမျှလည်း နောင်တစ်နေ့မှာ ရီစရာတစ်ခုပမာ ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာမို့ နာကျင်စရာများနဲ့ ခရီးမဆက်စေလို။ လူဘ၀ရခိုက် နိယာမတရားနဲ့ သူတော်ကောင်းကို မပြစ်မှား နာခံမခက် သိမ်မွေ့စွာနဲ့ ကိုယ့်ကိုကိုယ် အစဉ်သုံးသပ်လို့ ပြုပြင်ကြစို့ .....။ TTH (13.1.2020) 

သူ့ရိပ်ခိုနား ကျေးဇူးများ

Image
သက်ညှာသနား ပိုကာများတော့ လူ့ပြည်လူ့ရွာ လူ့ကမ္ဘာမှာ  ခေါင်းပေါ်တက်၍ သူ ထိုင်ချင် .....။ သစ်ပင် ကမ်းပါး တိုက်စားပါများ ပြန်လှန်တွန်းကန်  တစ်နေရာစာ  ပျောက်မသွားအောင် မိမိရရ တည်ဆောက်ကြ .....။ ငှက်ထောင်သောင်းတို့  သစ်ပင်ကောင်းမှာ   နားရင်း ပျံကြသမို့    နှစ်လရှည်ကြာ  ငှက်ချေး(ချီး)သင့်လာ ..... ထိုသစ်ပင်ဟာ အားတို့ဆုတ်ကာ  ပျက်စီးကြောင်းသာ ရှိလာမည်လော။ သို့ပါသော်လည်း အရိပ်ခိုနား ကျေးဇူးများသမို့ ပျက်စီးမည့်ဘေး ကာကွယ်ပေးလို့ ထိုသစ်ပင်ဟာ ခက်လက်ဝေဖြာ ကြီးစွာအရိပ်တို့ ပေးဝေမြဲသာ ရှိပါစေလို့ အပြုသဘောဆောင်  အဆိုးမြင်တွေဝေးလို့ အကောင်းမြင်သာ တွေးကြည့်ချင် .....။ (11.1.2020) YGN

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ

Image
ကိုယ့်ရင်တွင်းမှာ   ဗျာပါဒပွေ တစ်နေ့ကြုံရမလေ  ..... ကိုယ့်အထင်နဲ့   သူ့အမြင်   ပွတ်တိုက်မိစရာ ရံဖန်ရံခါ   ကြုံနိုင်ငြားလည်း ..... ကြုံခဲ့လေသော် ရင့်ကျက်စိတ်ထား အားကြီးစွာသာ ပိုင်းခြားသိမြင် စိတ်ဝယ်တေးမှတ်  မထားကြလို့ မေတ္တာနှောင်ကြိုး တိုးလို့သာပင်  ချည်နှောင်စေ .....  ၃၈ ဖြာ မင်္ဂလာမှ ခန္တီစ နှင့် သောဝစဿတာ ဤနှစ်ဖြာအား ကျင့်သုံးလိုက်နာ သစ္စာပန်ထား ကောင်းကျိုးလိုရာ ပို့သ မေတ္တာ အခါခါမို့ တူသောအကျိုးရပါစေကြောင်း   .....  (ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ) ၁.၆.၂၀၂၀ (ရန်ကုန်)

ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်

Image
ဆုံးရှုံးရမှာ ကြောက်စိတ်က ဒီရင်မှာ ဝင်ဝင်လာခဲ့တော့ တွေးစရာတွေ တစ်ပုံတစ်ပင်နဲ့ ဟောဒီကမ္ဘာကြီး ကျဉ်းတယ်ဆိုတာ လက်ခံနိုင်ဖို့ တွန့်ဆုတ်ခဲ့တယ် .....။ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ရေစက်တွေကုန်ချိန် ရောက်မှတော့ ဘယ်အရာကမှ တားမရတာ လက်တွေ့တွေလည်း များလှခဲ့ပေါ့ .....။ ဆိုညည်းမိတဲ့ အသည်းကွဲသီချင်းတွေ ရေးရေးနေမိတဲ့ အသည်းကွဲခြင်းအကြောင်းတွေ ကိုယ့်စိတ်ကပဲ ကိုယ့်ကိုကြီးစိုးတာမို့ ဒီစိတ်တစ်ခုနဲ့ ကိုယ်ဟာ  မောဟများရဲ့  အနိုင်ယူခြင်းမှာ  ကျရှုံးခဲ့လေရဲ့ .....။ အဆုံးသတ်မတော့  ကိုယ့်ရဲ့သစ္စာတရားနဲ့ ကြွေးဟောင်းကြေကြောင်း ကြွေးသစ်မလောင်းမိဖို့ အကြိမ်ကြိမ်သုံးသပ်လို့ မှန်ကန်သောလမ်းပေါ်သာ ဆက်လျှောက်ဖို့ ကြိုးစားမိခဲ့ပေါ့ .....။ TTH (5.1.2020) 

တိမ်ပန်းချီ

Image
တိမ်တွေက အလိပ်လိုက်   အထွေးလိုက်နဲ့ ကမ်းမမြင်လမ်းမမြင်ပါပဲ ငယ်စဥ်ခါက   စိတ်ကူးယဥ်ချက် သူ့ပေါ်ခုံတက်     ကြိုးပုခက်ဖြင့် ကချင်မိခဲ့  .....  ခုနေချိန်ခါ     အတွေးကမ္ဘာတည်ဆောက် အဝေးကသာ   လှမ်းငေး   ဆွေးချင်တိုင်း   ဆွေးလို့ရသားပေါ့ .....  ငေးချင်တိုင်းငေး မြင်မြင်ရာ တိမ်သားတိမ်စိုင် တိမ်ပန်းချီခြယ်သလို့ ရှစ်ခွင်တိုင်းမှာ ဖြူလွှလွှတိမ်ပင်လယ်ဟာ ပုံသဏ္ဌန်အမျိုးမျိုးဖွဲ့  မြင်ကွင်းတွေက ရှုမျှော်လို့ မဆုံးနဲ့ပေါ့ ..... TTH (4.1.2020)

ဟယ်လို .....

Image
ဟယ်လို ..... တစ်ဖက်တည်းက လှုတ်လှုတ်ခတ်ခတ် ဖန်တီးလုပ်ယူပြီးမှ အဆုံးသတ်မှာ အေးစက်စက်နဲ့ ပျက်စီးခြင်းသို့ မရောက်စေလို .... ဟယ်လို ..... နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု အစပြုလို့  ကြည်နူးမဆုံး တပြုံးပြုံးမို့  နှုတ်မဆက်ပါရစေနဲ့အုံး ..... ဟယ်လို ..... အကြောင်းပြချက်မသိပဲ ပျောက်ပျက်မသွားဖို့ကို တိတ်တိတ်ကလေး ကျိတ်ဆုတောင်း တောင်းတဲ့ဆုတိုင်း ပြည့်စေရယ်လို့ နေနေပါတယ် ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် ..... ဟယ်လို ..... အနိုင်မယူ အရှုံးလည်းမပေး ဒီထက်ပို နှလုံးအေးအောင်  ကြံဆောင်လို့ ဟန်မဆောင်ကြကြေးလေ .....။ TTH (2.1.2020)