Posts

Showing posts from February, 2020

နေရာမှန်

Image
ဂုဏ်ဆာသမျှကတော့ ပူလောင်လှပါတယ် ရှေ့မထွက်လည်း နောက်တန်းတစ်နေရာက အို ..... သာပါတယ်လေ ..... စေတနာက ထားတဲ့နေရာ မှန်မှသာ မှတ်ကျောက်တော့ မလိုပါ  အသက်ထက်မက ရင့်ကျက်မှုက အောင်မြင်မှုတွက် ထောက်တိုင်ပမာ ..... ပြုလွယ်ပြင်လွယ် ဆုံးမလွယ်ကူ နီတိလိုက်နာ မနက်ဖြန်များဟာလှပလို့ ရေမြင့်မြင့်မှ ကြာတင့်သမို့ ရေလိုကျင့်ကြစို့ရဲ့ ..... TTH (29.2.2020)

ငြိမ်းချမ်းမှုသာ တို့ဖွေရှာ

Image
လရောင်ယိုဖိတ်   တိတ်တဆိတ်ည ​ အတွေးကဆန်းကျယ် ဖွင့်ထုတ်မြွတ်ဟ   စကားလုံးများက ရိုးပုံရိုးလက်   သူ့အနက်ဖြင့် ​ ရော်ရည်ရွယ်မှန်း   ငြိမ်းချမ်းသောလမ်း  .....  မာနဟူကား   ပူလောင်လှဟု လက်ခံမှတ်ယူ   ထို့အတူတူ အသိ   သတိ   မွေးယူကာထား ပိန်းကြာရွက်ပေါ်   ရေမတင်သို့   အပူဟူသမျှ   ကင်းပါစေသား .....  TTH (27.2.2020)

မေတ္တာနှလုံး အစဉ်သုံး

Image
တောင်းပန်တယ် ထင်ရာမြင်ရာ တွေးမပစ်ပါနဲ့ ကိုယ့်အဖို့မှာ စေလိုရာစေ သခင့်ထံပါး ဝံ့ဝံ့ကြွားကြွား ခစားလျက်သာ မျှော်လင့်မပါ ကိုယ့်စေတနာ ..... ကိုယ်နေထိုင်ရာ လူ့ဘောင်ဘဝမှာ စိုသောလက်တို့ မခြောက်စေဖို့ နှလုံးအိမ်ထဲက အသိတရားတို့ ချွန်းဖြင့်အုပ်ကာ အားထုတ်မှန်စွာ တရားဒေသနာ လိုက်နာရာဟု မှတ်ယူပြဌာန်းမည် ..... စိတ်က အိပ်မပျော်တဲ့အခါ စက္ကန့်မလပ် ဖြစ်ပျက်ခန္ဓာ သူ့ချည်းသာမို့ တိတ်တဆိတ် စောင့်လို့ သူ့သဘောနဲ့ လိုက်လျောညီထွေ ရှိစေအရေး ကြိုးစားအားထုတ် မိပြန်တာ ..... ငြိမ်သက်အေးမြ တစ်ခဏလည်း ရတုန်းရခိုက် လုံ့လစိုက်လို့ မမြဲခြင်းမှာ လမ်းဆုံးသည်သာ တရားကိုက ရှိနှင့်ပြီး..... သို့ပါသောကြောင့်  အမှန်သိမြင် လက်တွေ့တွင်လည်း  မေတ္တာနှလုံး  အစဥ်သုံးကာ  တရားတော်တိုင်း ကျင့်သုံးလိုက်နာ  ရှိစေချင်တာ.....။ TTH (24.2.2020)

စေတနာက ပေးစရာဟု

Image
ဟေ့ ဒီမှာ စိတ်ဓာတ်စစ်ဆင်ရေးလား လာမပြောနဲ့ ..... ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ ဘာလိုတယ်ထင်လဲ ????? တိုးတက်တဲ့ ခေတ်ကြီးမှာ ခေတ်နောက်က လိုက်ဖို့မလိုတဲ့အရာနဲ့ ခေတ်နဲ့အညီ ပြောင်းဖို့လိုအပ်တာ သေချာတာကတော့ စေတနာက ချန်ခဲ့လို့မရတဲ့အရာ ..... စိုက်သည့်အတိုင်းတော့ ရိတ်ရမှာ ရင်ခွင် ဗလာမှာ စေတနာလေးထည့် Give & Take မှာ ပေးစရာက အရင်လာတာပဲမဟုတ်လား ..... လက်ဗလာဟာ ယူစရာလို့သာ မတွေးမှတ်စေချင်တာ ..... လူလူချင်းတူပေမဲ့ စိတ်စေတနာ ကွာဟမှုဟာ နောင်အရှည်မှာ သူလုပ်ရပ်ဟာ သေချာနေတာ အမြင်ကောင်းပြီး အကောင်းမြင်စရာ ဖြစ်လာမှာပဲပေါ့ ..... TTH (22.2.2020)