Posts

Showing posts from August, 2020

မမြဲခြင်းတရားနဲ့အတူ

Image
သစ်ရွက်ကလေးတွေ လေသင့်ရာအရပ်ဆီလွင့်လို့ ငှက်ကလေးတွေလဲ မိုးလေရှောင်ရင်း ခိုနားနေရာက ဘေးကင်းလုံခြုံပါစေ......  နံနက်ခင်းမှာ စိတ်ပျော်ရွှင်စရာနဲ့အစပြု သာသာယာယာဘဝရဲ့ မှတ်တမ်းတွေ ရာဇဝင်ထဲမှာ ထားခဲ့ဖို့ ကြိုးစားမယ် ကြိုးစားရင်း ကျားဆိုးလိုလူတွေရဲ့အဝေး ပြေး ပြေး ရှောင်ရင်း ကိုယ်ခံပညာက အဆင့်တက်လာပြီထင်ရဲ့ ..... ရှေ့သို့ပြေးရင်း နောက်ပြန်လှည့်အကြည့် ဟိုတစ်စဒီတစ်စနဲ့ ဆွဲထုတ်ရအုံးမယ်လို့ အတွေးတွေ သယ်ဆောင်ရင်း ....... ထမ်းထားတဲ့ အထုတ်တွေလည်း လွှတ်ချဖို့သင့်ချိန် လွှတ်ချနိုင်ရမယ် မီးခိုးတလူလူ ညှော်နံ့တအူအူနဲ့ အို သင်္ခါရနဲ့ မမြဲခြင်းတရားက သူ့နေရာနဲ့သူ နေရာယူ အသင့်ရှိနှင့်ပြီးသားပဲမဟုတ်လား .....။ (၁၈.၀၈.၂၀၂၀) ရန်ကုန်။ 
ထောင်ချောက်တွေ ....  ............................................................ ဆူးတွေပြည့်နှက်ပေမဲ့ ပန်းခင်းလမ်းသဖွယ် မာယာအပြည့်နဲ့ကြိုတယ်  ..... မရိုးမရှင်းနဲ့   ဟန်တွေလုပ် မာန်တွေထုတ်ကြတဲ့   ဒီပွဲမှာ ရုံပြည့်ရုံလျှံလို့   ပွဲကြည့်   ပရိတ်သတ်ဟာ ရင်ဘတ်ဗလာ   ဟာတာတာနဲ့ ဇာတ်သိမ်းလည်းမျှော်လင့်တာ အဲမှာ   စတွေ့တာပဲ .....  နွေးထွေးတာလား   အေးစက်တာလား တစ်ဖက်တစ်ချက်   ယှဉ်ရပ်ကြည့်တော့ ချိန်ခွင်လျှာက   တစ်ဖက်စောင်းလေးနဲ့ပေါ့ .....  မျှခြေမတူတဲ့   ရလဒ်တွေက ရေရှည်မှာ   လွယ်ရဲ့လား သားကောင်ကို   ငံ့တလင့်လင့်စောင့်စားရင်း ဖိတ်ခေါ်နေတဲ့   ထောင်ချောက်ထဲ ဝင်တိုးရင်း တစ်စစီအဖြစ်ခံမလား .....  မသေချာတာတွေက   များလှလို့ သေချာနေတဲ့   ဒီတစ်ခုတော့ ဆွဲအုံးမဟဲ့လို့   တွေးရင်းကြည့်မိတော့ ကျားမြီးတဲ့ကွယ် .....  ။   (၀၃.၀၈.၂၀၂၀) ရန်ကုန်။
Image
အဆုံးမရှိ ..... ဆက်ရေးရအုံးမဲ့ ဘဝရဲ့တေးသီချင်းများ ရင်ဘတ်နဲ့ရင်း ဉာဏ်ပညာအလင်းတို့ ငံ့လင့်နေဆဲ အငြင်းအခုံရယ်မဲ့စွာနဲ့ ငါတို့လျှောက်ကြစို့ ..... အရိုးသားဆုံးနဲ့ နှုတ်ထွက်စကားများ မျှားလိုခွင်း ပျားလိုသင်းစေ ကံစီမံရာ ကိုယ်တိုင်လိုက်မျောရင်း သတ္တိတို့မွေးလို့ လောကဒဏ်ကို အလဲထိုးရအောင် ..... ဒုက္ခတွေကို သုခနဲ့ရောစပ် စိတ်မပျက်လိုက်ပါနဲ့  မနက်ခင်းတိုင်း အပြုံးနဲ့နိုးထ ငါဆိုတဲ့ အတ္တကို ဖြိုချ ပူလောင်ခြင်းများကို ငြိမ်းသတ်ရမယ် ..... အတုအယောင်တွေနဲ့ ဝေးရာသာပြေးလို့ စစ်မှန်ခြင်းအတွက် အားပေး အဲဒီ ခွဲခြားခြင်းကိုတော့  လက်သင့်ခံဖို့ လိုမယ်လေ ......။ (၀၁.၀၈.၂၀၂၀) ရန်ကုန်။