Posts

Showing posts with the label ေ၀ဒနာအေျဖရွာ

သူ့အရင်အတိုင်း

Image
အလွမ်းတွေက လတ်ဆတ်နေပေမဲ့ အလွမ်းဇာတ်ကို ဒီဘ၀ ဒီမျှနဲ့ပဲ ပြည်ဖုံး ကားချမလို့ ...... ငါ့နှလုံးသားက ငါ့အလိုကျ ပြဌာန်းပြီးသား နာကျင်စရာများ ရှိခဲ့ရင်လည်း ခံနိုင်ရည်အားနဲ့ တွန်းထုတ်မလို့ .......... ဘဝတစ်ခုအတွက် ငါ .... အသစ်ကပြန်စ အနာဟောင်းလည်း ငါ မဆွလိုပေမဲ့ အရာရာ နေသားတကျ မဖြစ်လှတော့ ဒီသံသရာ ဒီစက်ဝိုင်းထဲ လည်နေတုန်းပဲ ....... မမေ့နိုင်စရာ အတိတ် တစ်နေရာဟာ သူ့အရင်အတိုင်းလေးသာ ရှိနေဆဲပဲ .......   (4.9.2019) YGN

ကျေနပ်ပါတော့

Image
ကျေနပ်ပါတော့လေ ဘာအတွက်ကြောင့်များ ငါ့ကို အိုဗာတင်းတွေ သိပ်မခင်းချင်ပါနဲ့ သွားကြတဲ့လမ်းမှာ ရိုးဖြောင့်စွာ လုံကြီးတင်ကို ဆံမခတ်ပဲ ဒီအတိုင်းလေးပဲ ထားရအောင် ........ စွန့်ခွာခြင်းရဲ့ ပြယုဒ်တစ်ခုနဲ့ ဆင်ကန်း တောတိုးမဟုတ် ငါ... ဒီလိုပဲ တွေးတာပါ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ဖို့ အဓိကမဟုတ်လား ...... စိတ်ရဲ့ ခွန်အားနဲ့ ပင်လယ် သမုဒ္ဒရာ အထပ်ထပ် ငါလေဖြတ်လို့ မိုးကုတ်စက်ဝိုင်းအထိလဲ ရောက်အောင်ထွက်သွားမယ် ........ ပြတ်သထက်ပြတ်အောင် ဒီထက်ပိုတော့ မတတ်နိုင်ပြီ ......... သိဘို့ .... (24.8.2019) SAT

ထွက်သွားပါ

Image
နင်မသိပဲ ကျခဲ့တဲ့ ငါ့မျက်ရည်တွေ အဖြစ်ပျက်များဟာ မနေ့တစ်နေ့ကလို ဒီရင်မှာ ထင်ကျန်နေ ............. နေပါစေလေ မတားချင်ပါဘူး နင်လိုရာ နင်ပျံသန်းဖို့ အမြင်တွေ မတူတော့လို့ အခွင့်အရေးလေး ပေးပါတယ် နင်ထွက်သွားပါ ........ နင်ရေးခဲ့တဲ့ သမိုင်း မရိုင်းပါစေနဲ့လို့ပဲ ငါလေဆုတောင်းခဲ့ နောက်ဆုံးတော့မှ ငါ့ဆီ ပြန်မလာဖို့ ရင်ထဲနင်အမြဲ မှတ်ယူစေချင်လို့ ............ တကယ်တော့ ဘယ်သူမှ မမှားခဲ့ပဲ ဒီကြံကမ္မာကိုပဲ အပြစ်ဖို့ကြစမြဲ အနေတွေဝေးတိုင်းလဲ အဝေးနေမဖြစ်နိုင်တာ ငါလေ ဒီလို ယုံကြည်နေဆဲ ............ (20.8.2019) YGN

ဆုတောင်း

Image
ဆုတောင်းမိတယ် ......... မလိုတစ်မျိုး လိုတစ်မျိုးသာ ဆက်ဆံခံရ ဒီဘဝမှာ ရှိခဲ့ငြားလည်း နောက်နောင်ဘဝ ကင်းပါစေ .......... အံ့သြစရာ နောက်ထပ် မမျှော် အရှိအတိုင်းမှန်စွာ ငါ လျှောက်လှမ်းမှာ ........... လှည်မကြည့် ငဲ့မကြည့်ဖို့ ယူနိုင်သလောက်ယူမှာ ဒီသင်ခန်းစာတွေနဲ့ငါ ........ ကျေညက်လွန်းမက ကျေလို့ ကိုယ်နဲ့ယှဥ်ကာ သူတစ်ပါးကို ငါလေ စာနာစွာ ဆက်ဆံလို့ ထပ်တူ အကျိုး ရစေလို ........... ယခုဘဝ လက်ရှိချိန်ခါ ကြုံခဲ့ဖူးလို့ ကျေပြီလို့သာ ငါလေ မှတ်ယူမှာ ............ (17.8.2019) YGN

နှုတ်ဆက်ထွက်ခွာ

Image
မျက်နှာစာအုပ် ရဲ့ စာမျက်နှာ တစ်ခုမှာ သူရေးတဲ့စာတစ်ပုဒ် သေချာဖတ်သလို သူရေးကိုယ်ရေး သူတင် ကိုယ်တင် အကြောင်းအရာနဲ့ လားရာတူမှ လက်မထောင်ကြ အသည်းပေးကြ ရင်ဘတ်တူရာ ညွှန်းဆိုကြတာ ........... လားရာမတူ၊ အရောင်မတူ အမြင်မတူ ထိခတ်ရာ ကွာခြားမှုက တစ်ဦးမှတစ်ဦးသို့ တုန့်ပြန်ချက်မှာ အံသြမှင်သက် ဒေါသမူရာ ပိုကာသာတည့် ......... ထိုမှတဆင့် ထိရှမှုက စိတ်မှာပေါ်လာ လှောင်‌ပြောင်ခြင်းမှ ဝမ်းနည်းခြင်းသို့ ဦးတည်ပြန် .......... နေ့စဥ်နေ့စဥ် ထိုထိုသဘော တွေ့ပါများရ အသည်းဘဝင်မှာ ချက်ပြခေါင်လောင်းမြည်လာပြီမို့ ဤစာအုပ်နှင့် ဝေးရာဆီသို့ တိတ်တဆိတ်နဲ့ ငါလေထွက်ခွါ ............ (4.8.2019) YGN

လောကအရာ

Image
အကြင်နာစစ်က ဘယ်မှာရှာမရ အလွှာတစ်လွှာမက ကွယ်ကာနေနေကြ အပြုံးတစ်ချို့ရဲ့နောက်က ရက်စက်မှုက ရေတွက်လို့လည်းမရ ...... မြေနှိမ့်ရာ လှံစိုက်လေတော့ မြေစာပင်တစ်ချို့က ဓားစာခံပမာ အယောင်ဆောင်တစ်ချို့ကလည်း ဂရုဏာတရားဆိုတဲ့အလံကို တလူလူလွှင့်လို့ ...... ချနင်းစရာအကွက်တွေ သူကစားတာ တချို့မှာတော့ ကစားခံ နယ်ရုပ်လေးပမာသာ သူ‌ရွှေ့တဲ့အကွက်မှာ လိုက်ပါ‌ရွေ့ရတာ သိပ်လှတဲ့အကွက်တွေထဲ သူရှိနေတာ ...... အို........... ဒါကြောင့်မို့သာ လောကကြိုးဝိုင်းရဲ့ဉာဏ်ကစားတဲ့ပွဲမှာ ဦးရာလူစားစမြဲမို့ သတိအနေအထား ရှိနေပါစေလို့သာ............... (2.7.2019) Tuesday

ဝေဒနာအဖြေရှာ

Image
အိပ်မက်တွေကို ခွဲခြမ်းစိတ်ဖြာ ခဏခဏမက်ဖူးတဲ့ အိမ်မက် မပီပြင်ဝိုးတဝါးနဲ့ အိပ်မက်က တစ်နေ့တာ အိပ်စက်ခြင်းကို လာလာနှောင့်ယှက်တော့ အိပ်မက်တွေကို မုန်းချင်ပြီ .......... မွန်းကြပ် လှောင်ပိတ်တဲ့ ဒီစိတ်ကို ဖြေဖြောက်ဖို့ရာ နံပါတ်စဥ်တွေ တစ်ခုပြီးတစ်ခုတပ်လို့ ကုစားဖို့ ကိုယ်ကြိုးစားပေမဲ့ အနာနဲ့ဆေး ခပ်ဝေးဝေးမို့ထင်ရဲ့ ...... အဖြေမှန် မရောက်တော့ ကိုယ့်စိတ်နဲ့ကိုယ် နပန်းလုံးနေရတာ နာတာရှည်လိုပဲ မောလှပေါ့ ........ ဒီလိုနဲ့ပဲ တစ်ရံတစ်ခါတော့ အားကြီးတဲ့ စိတ်ရဲ့လှည့်စားချက်ကို စေညွှန်ရာ လိုက်ပါ‌မြောလို့ ဒီတောင်ကို ဖြိုနိုင်ဖို့ရာ အားတင်းရတာလည်း အကြိမ်ကြိမ်ပေါ့........... 2.6.2019 (11:00 PM) SUN