Posts

Showing posts from April, 2019

စိတ်ချင်းအဖော်

Image
ရင်းနှီးမှုတစ်ခု အစပြုလို့ တစ်ယောက်ကောင်းကျိုးတစ်ယောက် လိုလားလို့ အပြန်အလှန်နဲ့ ပေးခြင်းနဲ့ ယူခြင်းက မျှတ စိတ်တူကိုယ်တူမျှလို့ မေတ္တာတရား တိုးပွား သစ္စာတရား လက်ကိုင်ထား ကြာလာတာနဲ့အမျှ ကြိုးစားရမှာ အရင်းအတိုင်း မပြောင်းလဲပဲ ဆက်ဆံရေးတည်မြဲဖို့ ဘယ်တော့မှ မပြိုကွဲဖို့ လျစ်လျူရှုသင့်တာရှုလို့ တွန်းအားအပြန်အလှန်ပေးလို့ လျှောက်ရမဲ့ဘဝလမ်းမှာ တိုတိုထွာထွာ ဟောတစ်ခု ဟောတစ်ခုနဲ့ ယူမကုန်နိုင် သင်ခန်းစာတွေများ သံဝေဂတွေပွားကြရင်း သတိပြုကြရင်း   မနက်ဖြန်များအတွက်   အားတွေမွေးကြရင်း   အဖြူရောင် သံယောဇဉ်တစ်မျိုးနဲ့ အရင်းနှီးဆုံးတစိမ်းတွေ အဖြစ် အရှိတရားကို လက်ခံကြစို့လား ... 🌼🌸🌼🌸🌼🌸🌼🌸🌼🌸

မိုးမျှော်ပိတောက်ဝါ

Image
ဒီရာသီခါ တစ်နှစ်မှာ တစ်ခါသာ ဖူးပွင့်ဝေဆာ အရောက်လာတာ ပင်ယံထက်မှာ တင့်တယ်စွာ။ နှစ်စဉ်ချိန်ခါ အတာမိုးပြေးနဲ့သာ ပိတောက်ဖူးတို့ပွင့်ကြတာ သစ္စာစူးရောက် ပန်းပိတောက်ဟာ မိုးရေခမှပွင့်ရှာသမို့ မိုးကိုမျှော်ရရှာ.... အခုအခါ သဘာဝဟာ မထောက်မညှာ  ပိတောက်ဝါ၀ါ ပွင့်ရန်စောင့်ရှာ ပင်လုံးဖူးတံ ပြည့်နေတာ ..... မိုးမကူလည်း သူ့ချိန်ခါမှာ ထိန်ထိန်ဝါဝါ စွမ်းကုန်ပွင့်ရှာ ငုပန်းလေးရဲ့သစ္စာပါ။ သဘာဝတရားဟာ ဖောက်ပြားလာသမို့ ပိတောက် နဲ့ ငု ဟာ တစ်ရာသီတည်းမှာ  အပြိုင်ပွင့်ရန် အခြေအနေဟာ တဖြည်းဖြည်းဝေးလာ .... ငုပွင့်ချိန်မှာ ပန်းပိတောက်ကို စောင့်မျှော်ကြတာ လူ့သဘာဝမို့ မိုးသာမျှော်မိရင်း..... ( ဖူးတံချီလို့ မပွင့်နိုင်ရှာ မိုးကိုသာမျှော်မိရင်း ) (28.4.2019) YGN

လူမှုဘ၀

Image
စံတွေလွဲမှား ငါ့ဘို့သမားတွေကြား ဖွင့်ထားတဲ့စိတ်တစ်ခုနဲ့ အရာရာမှာအံဝင်ခွင်ကျ လူမှုဘဝတွေထဲမှာ ကိုယ်နေထိုင်ပါတယ် ..... ။ အနေအထိုင်တတ်ဖို့ကြိုးစားရာမှာ အတ္တနဲ့မာနကိုခဝါချ ကြုံလာသမျှတွေဟာ သင်ခန်းစာအသစ်လို့မှတ်ယူ သင်ယူလို့မဆုံးခင်မှာပဲ ဟောနောက် တစ်ခုရောက်လာ သို့ပေမဲ့လဲ အမှားမကင်းနိုင်ကြတဲ့ နိယာမလူ့သဘာဝကိုလက်ခံ နာကျင်စရာတွေကိုနေရာမပေး နှလုံးအေးအောင်နေကြစို့လား .....။ (28.4.2019) YGN 

ကြွေ

Image
အကြည့်တစ်ချက်အဝေ့ လေပြေလေးတစ်ခဖြတ်အပြေး တဒင်္ဂလေးမှာပဲခြွေချစရာမလို အသံမမြည်ပါပဲတိတ်တိတ်ကလေး ကြွေ....... ကြွေတာပဲလေ... စကားလုံးတွေအများကြီးမလိုပါဘူး လိုရင်းရောက်ဖို့ကအဓိကဆိုတာ မင်းလည်းသိကိုယ်လည်းသိရင် ပြီးတာပဲမဟုတ်လား..... အဲ့လို့ပါပဲဒီလိုချိန်ခါမရောက်ခင်ထိ ဘယ်လိုအခြေအနေမျိုးမှာမှ မထိရှမရိုက်ခတ်နိုင်ခဲ့တာ နည်းနည်းတော့အံ့ဩမိတယ် မထိမရှမိတော့မကြွေခဲ့မိဘူးပေါ့ ခုတော့မင်းနဲ့ကျမှ.... (26.4.2019) AYA

ပျော်ပါစေ

Image
နူးနူးညံ့ညံ့နှလုံးသားနဲ့မို့ ထိထိရှရှခံစားသိနိုင်တယ်.... လွမ်းရမဲ့အဖြစ် ဝေးစေရယ်လို့ တောင်းဆုတွေ ခါခါခြွေမိပေမဲ့ တိုက်ဆိုင်လာတိုင်းမှာ နှလုံးသားထဲတစ်နေရာက လွင့်မျောငေးမောတမ်းတမှုတွေ အနုအရွခံစားမှုတွေတထောကြီး ပိုက်ထားသလို လိုသလိုခံစားမှုတွေက ယိုဖိတ်ကျလာခဲ့ပေါ့ ....... စိတ်ရဲ့စေရာဦးဆောင်တာမို့ လွမ်း... လွမ်းနေရတာကိုပဲ စည်းဘောင်မလွတ်အောင် သတိတစ်ချက်ပြုခဲ့ရင်း သူပျော်ပါစေရယ်လို့ ဝေးတနေရာသို့ ခြေဦးလှည့်ခဲ့မိတာကြာပေါ့.... (21.4.2019) YGN

အလွမ်းတွေနဲ့လမ်းမဆုံးဘူးသခင်

Image
အနီးနေရာက တန်ဖိုးထားစရာမမြင် ဝေးသို့သာ လှမ်းမျှော်မိတော့ မျှော်ရသူအဖို့မှာတော့ မောလှပေါ့သခင်.... သို့ပါသော်လည်း လောင်မြိုက်ကျွမ်းလာ  ကိုယ့်ရင်ကမီးကိုဖြင့် မမြင်သာအောင် ကွယ်ကာဝှက် လွမ်းစေသူကိုသာ ပို့မေတ္တာချွေမိ ဘယ်ဘဝကံပါလာခဲ့လေသလားရယ်လို့ တွေးမိခါခါပေမဲ့ ကိုယ့်ရင်မှာသစ္စာပြုလို့ အလွမ်းတေးသီရင်းနဲ့ အလွမ်းတွေနဲ့ပဲ လမ်းမဆုံးစေရပါဘူး လမ်းမဆုံးပါဘူးသခင်....။   (19.4.2019) 9:30 PM  YGN 

နှစ်သစ်ဆုမွန်

Image
အတွေးကောင်းဖို့ထက် အကောင်းတွေးဖို့လိုတယ်။ အပြောကောင်းဖို့ထက် အကောင်းပြောဖို့လိုတယ်။ အလုပ်ကောင်းဖို့ထက် အကောင်းလုပ်ဖို့လိုတယ်။ မိမိကိုယ် မိမိ ဆုံးမရင်း နှစ်သစ်မှာ မိတ်ဆွေများအားလုံး စိတ်သစ်၊ လူသစ်၊ အတွေးသစ်၊ အကြံသစ်တွေနဲ့အတူ လျှောက်လှမ်းရင်း ဆန္ဒနဲ့ဘဝထပ်တူကျနိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ခြွေပါတယ်။ (17.4.2019)YGN i

ဒီနွေဦး

Image
ဒီနွေဦးရဲ့ စအဖွင့်မှာ ဝေဝါးလှစွာ ငါ့ကံကြမ္မာ ချိုသလား / ခါးသလား သင်္ချာသဘောနဲ့အချိုးချတဲ့အခါ လတ်တလောငါ့စိတ်မှာ ခါးသီးခြင်းက ပိုနေတာ..... သုညနဲ့ တစ်ကြားက တန်ဖိုးတစ်ခုဟာ အလှမ်းမဝေးပေမဲ့ ပြောင်းလဲခြင်းအတွက် ရင်းနှီးခဲ့ရ နာရီများစွာ .... သို့ပေမဲ့လည်း မျှော်လင့်ချက်က မဝေဝါးအောင်သာ ခေါင်းမာစွာနဲ့ ပေးလာတဲ့ ကံကြမ္မာကို အရှုံးမပေး ပြုံးပြုံးလေးနဲ့ ကျော်ဖြတ်ဖို့ ငါကြိုးစားမယ် .... (1.3.2019) YGN 

ရင်ဘတ်တူသူ

Image
ဘောင်ခတ်မထားပါဘူး စိတ်ကလေးတစ်ချက်  လှည့်အထွက်မှာ ကြွေကြွေကျလာတဲ့   စကားလုံးများဟာ  အများသူငှာ အတွက်   အဆိပ်တစ်စက် (တစ်ခွက်)  မဖြစ်စေရေးတော့   ကိုယ် ... သတိထားပါ့မယ်။  ဒီလိုပဲပေါ့ ရင်ဘတ်တူသူချင်းတော့ စကားလုံးတွေဖလှယ် ကိုယ်ပေးချင်တာ သူရလို့ ပေးသူအဖို့မှာ ပီတိဖြာ ...... ဒီထက်တော့မပိုပါဘူး ကိုယ်သွားရာလမ်း ဖြောင့်ဖြောင့်တန်းတန်း သွားချင်မိသူတစ်ယောက်ရဲ့ ဆန္ဒနဲ့ ဦးတည်ရာ လမ်းခရီးမှာ  ရင်ဘတ်တူသူရှာ ..... (14.4.2019) 10:02 PM 

နေသားတကျ

Image
စည်းတစ်ခုထားပြီး ကျင့်သားရနေတဲ့ နေထိုင်တတ်မှုက လက်ရှိ ပစ္စက္ခအတွက်သာမဟုတ် မမြင်ရသေးတဲ့ အချိန်အခါအတွက်ကော ခံနိုင်ရည်ရှိစေဖို့ပဲမဟုတ်လား။ ဒါကြောင့်လေ အတိတ်ဆိုတာ အရာရာက ဖာသိဖာသာနဲ့ နေသားတကျ ဖြစ်သွားမှာဆိုတာ ကြိုတင်သိနှင့်တာ ကောင်းတာပေါ့။ (14.4.2019) 8:53 am

ဘ၀လမ်းမှာ

Image
မာနနဲ့ သိက္ခာတရားအတွက် မှန်ကန်သောအတွေး  မှန်ကန်သောအမြင်  မှန်ကန်စွာ အသက်မွေးမှုပြုပါမှသာ  သိက္ခာရှိစွာ လောကအလယ်မှာ  ခိုင်ခိုင်မာ ရပ်တည်နိုင်မှာ။ အတ္တတရား စွဲထားမိကာ  ငါ မှ ငါ သာ မှန်ရာထင်တာ နည်းနည်းလျှော့ပါ  ကိုယ်ချင်းစာတရား ပွားများပြီးသာ သူ့နေရာမှာငါသာဟူ၍ မှတ်ယူစိတ်ထား သင့်လှတာ။ အမှတ်တမဲ့ပြောစကား မိမိကိုယ်မှာပင် လက်ခံခွဲခြား  သူ့နေရာမှာ ဝင်ခံစား  ဒါလည်းလေ ကိုယ်ချင်းစာတရား...  နိယာမတရားက မဆွလျင်စွာ  အကျိုးပြုမှာ စိုက်သည့်အတိုင်း ရိတ်ရမှာ။ တလွဲထားလည်းရတဲ့ ဒီမာန နေရာမှန်စွာထားလဲ ရတဲ့ ဒီမာန။ သေချာတာက ဒီနှစ်ခုမှာ  ဘယ်အရာက ပိုသာနေတာ  သိသင့်လှတာ.... လျှောက်ရမဲ့ ခရီးလမ်းမှာ ပြုသင့်တာ သစ္စာ  ပို့လိုက်ပါ မေတ္တာ  ထားကြည့်ပါ ဂရူဏာ  ပွားရမှာ မုဒိတာ  ဤဗြဟ္မစိုရ်တရား လက်ကိုင်ထား ......  မိတ်ဆွေ ကျွန်ုပ်လည်း လိုအပ်ချက်များနဲ့ပါ  သင်သည်လည်း အရာအားလုံး ပြည့်စုံမနေတာ သိပ်ကိုသေချာ  သူ့ဖက်ကိုယ့်ဖက် ဖြည့်တွေးပေးမှသာ လောကကြီးက သာယာစေမှာ။ ဒါကြောင့်သည်သာ မထားစေချင်တာ  တလွဲမာနပါ။  ဤအရာကပင် တားဆီးပိတ်ကာ  ဘဝလမ်းမှာ.......

တစ်ခန်းရပ်ဇာတ်လမ်း

Image
မျက်ရည်နဲ့စတဲ့ဇတ်လမ်းက မျက်ရည်နဲ့ပဲ အဆုံးသတ်တော့မှာလား ..... မေတ္တာကရော အရောင်ပြောင်းသွားတတ်သလား တွေးမိရဲ့ အရောင်ပြောင်းတယ်ဆိုလို့ ... မေတ္တာမှာ အရောင်၊ အဆင်း အနံ့ အရသာ ဖမ်းဆုတ်လို့ မရတဲ့ အရာထဲက တစ်ခုပေမဲ့  ကိုယ်ရင်ထဲရော ဦးနှောက်ထဲပါ အဖြူရောင်အဖြစ်မှတ်ထားမိတာပါ ..... မေတ္တာရဲ့ပြယုဒ် သဏ္ဍန်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြသပုံခြင်း ခံယူပုံခြင်းကွဲပြားကြလို့ပဲ ..... တစ်ခါတစ်ခါ အပေးအယူမတည့်တာ  မျှခြေမတူတော့တဲ့အခါမှာ နားလည်မှုဆိုတဲ့ အလွှာလေးတစ်ခုက ယိုင်နဲ့ စုတ်ပြတ် ဖန်တရာတေလာတော့  အားကြီးသူကရှေ့တိုးရင်း အားနည်းသူက နောက်ဆုတ်ရင်းပဲ အစွန်းနှစ်ဖက်သို့ ရောက်မှန်းမသိ တစ်နေရာမှာ‌တော့ ရပ်ပစ်ဖို့ ငါ ကြိုးစားသလို မင်းလည်းကြိုးစားမှ ဒီဇတ်လမ်းက တစ်ခန်းရပ်တော့မယ်...... 7.4.2019 

အစွန်းနှစ်ဖက်မှာ

Image
တကယ်တော့ ခုချိန်မှာ  မင်းနဲ့ကိုယ်နဲ့က အစွန်းနှစ်ဖက်မှာ မျက်နှာချင်းဆိုင်လို့ ..... နီးစပ်ဖို့ထက် တစ်ယောက်ကိုတစ်ယောက်က စောင့်ကြည့်လို့ ကိုယ့်အထာနဲ့ကိုယ် ..... အပေးအယူတူမျှ အေးအတူပူသမျှ အချင်းချင်းဝေငှရင်း... ရှေ့ဆက်ကြတာ ဘယ်ချိန်ထိ ကာလရှည်ကြာ ဒီလိုသာနေရပါ့ ..... နောင်တစ်နေ့အတွက် အဆုံးသတ်လှပဖိ့ သစ္စာတရားဆိုတဲ့ကြိုးနဲ့ ကိုယ်စီချည်လို့...... တင်းလွန်းရင် ပြတ်တတ်တဲ့ သူ့ရဲ့ သဘောကိုရှောင် မလျော့ခါ မတင်းခါနဲ့ မယိုင်မနဲ့ဘဲနဲ့ သတိထားပြီးကြိုးစားရပ်တည်ရအောင်.....။ Saturday, April 6, 2019 

မုန့်လုံးစက္ကူကပ်အတွေး

ကိုယ့်စိတ်တွေက တခါတခါ တိမ်တွေနဲ့အတူ လွင့်သလားလွင့်ရဲ့  စုစည်းမိခါလည်းရှိရဲ့ ..... အလွမ်းစိတ်နဲ့ ဟိုးတဖက်ကမ်းဆီ လှမ်းမျှော်ငေး...ဆွေး ဆွေးလှ စိတ်ဟာ ဖျောက်ဖို့ခက်တာ မင်းက ဘယ်ဆီမှာ......... ရောက်လာခဏ တွေ့မိပြန်က စိတ်မှာကျေနပ်လှိုက်ဖိုရ ထိုသို့ခဏ ဖြစ်ပျက်ခြင်းဟာ အိပ်မက်ထဲသာ ဖြစ်ပြန်ရာ တိုးလာပြန်တာ ဝေဒနာ ခက် ခက်လှတာ ရက်စက်လှစွာ ဒီကံကြမ္မာ ..... ဟောဒီကမ္ဘာမှာ မရှိတော့လည်း တမ်းတ.... ရှိတော့လည်း ဝေးကလွမ်းလှ.... အလွမ်းနဲ့သာ နေသားတကျ ဖြစ်လွန်းတဲ့ ဘဝ လွမ်းပန်းတွေနဲ့ဝေတော့ လွမ်းရနံ့တွေ ထုံလှိုင်ပေါ့ ..... အလွမ်းတွေနဲ့ ရစ်မူးမှုက ရပ်တန်ဖို့အရေး တွေး တွေးမိတာ ချာချာလည် နှလုံးသားမှာ မုန့်လုံးစက္ကူကပ် သလိုသာ ဘယ်သူကူမှ လွတ်မလဲကွာ .......... Friday, April 5, 2019

တနင်္ဂနွေ အတွေးများ

Image
ခွဲမသွားနဲ့နော် ပြောလိုက်ပေမဲ့ ..... တုန့်ပြန်မှု အချည်းအနှီးနဲ့ ပြန်လာ/မလာ မသေချာတော့တဲ့လမ်းမှာ ဘယ်ချိန်ထိ နင်စောင့်နေမှာ ........။ ပေးတိုင်းပြန်မရတတ်တဲ့ အချစ်တစ်ခုမှာ နင်နေသားကျနေတာ မြင်ရတဲ့ငါ့မှာ တခါတခါ မချင့်မရဲဖြစ်နေမိတာ ......... အဆုံးသတ်မသိ အနာဂတ်မရှိ အဖြစ်တွေများ အချိန်နဲ့သာ နင်ကုစား ဘာပဲဖြစ်ဖြစ် ဒါကိုနင်ကျော်လွှား ခုပေးနေတာ နင့်အတွက် အားပေး စကား ဒီအတွက် မသတ်မှတ်လိုက်ပါနဲ့ငါ့ကို အသဲနှလုံးမရှိတဲ့လူရယ်လို့ပေါ့။ တကယ်တော့ငါက.... စောင့်နေမယ်လို့ မပြောချင်သူ .....

အဓိက

ချည်နှောင်ခြင်းကအဓိကဆိုရင် ဘာနဲ့ချည်ချည် ခိုင်မြဲဖို့က ပထမပေါ့ .... နားလည်ပေးခြင်းအတွက်ဆိုရင် ဘယ်အခြေအနေပဲဖြစ်ဖြစ် သူ့ဖက်ကိုယ့်ဖက် ချင့်တွက်ဖို့က အဓိကပေါ့ ..... ပေးဆပ်ခြင်းနဲ့ နေသားကျဖို့ကတော့ သူတည်းကောင်းဖို့ ကိုယ်ကျိုးမဖက် ဖြူစင်လက်နဲ့ အမြဲရှိမှပေါ့ .....။ Friday, April 5, 2019

သံသရာ‌ကြောက်သူ

ထိ မိ လှပ စကားလုံးများက စည်းချက်ကျန ထိုစဥ်ခဏ ရှင်းလင်းကြည်စွာ အမှတ်ရမှာ ..... တွေးစဥ်ခဏ လွမ်းမိရတာ နှလုံးသားမှာ တစစ်စစ်နာ ဖြေသိမ့်ဖို့ရာ အလွမ်းဝေဒနာ နာကျင်စရာနဲ့ ဖြေသာတာ အတွေးထဲမှာ ဆုတောင်းမြဲသာ ကြွေးဟောင်းကျေလို့ ကြွေးသစ်မယူ  သံသရာကိုသာ  ကြောက်နေမိသူ....

မနက်ဖြန်များဆီ

Image
ထပ်ခါထပ်ခါပဲ တိတ်တိတ်လေး  ရေရွတ်နေမိတဲ့ ဝေါဟာရလေးတစ်ခု အဓိပ္ပါယ်ပြည့်ဝစွာ တမ်းတမိရုံလေး...... သင်ယူစရာမလိုပါပဲ ဒီလိုနဲ့ငါဟာ အငှားခံစားတတ်ခဲ့တယ် ..... ခုတော့ ငါသိခဲ့ပြီ တစ်နေ့နေ့တော့ရောက်လာဦးမည် ဆန္ဒတွေပြုဆုတောင်းလို့ ဒီထက်တော့ မ ပိုချင်ပါဘူးတွေးရင်း မနက်ဖြန်များဆီ ....... Friday, April 5, 2019

ငါ့ရဲ့စာမျက်နှာ/ကဗျာ

Image
လက်တွေ့မှာ ..... ငါဟာ ရှေ့သို့ဦးတည် လျှောက်တဲ့လမ်းတောင် နောက်ကြောင်းပြန်မလှည့်တတ်တာ ပြောင်းပြန်လျှောက်ရမဲ့လမ်း အမြဲတမ်းရှောင်ခဲ့တာ ....... ဒါပေမဲ့...... စိတ်ကူးယဥ် ငါ့ကမ္ဘာမှာ အမြဲတမ်း နောက်ကြောင်းပြန်လှည်နေသလိုသာ ..... ရေးနေတဲ့စာမျက်နှာတောင် နောက်ဆုံးကစလို့ တဖြည်းဖြည်း နောက်ကြောင်းကိုသာ.... ထိုနည်းတူစွာ ..... အဆုံးသတ်ကစလို့   အစထိရောက်အောင် ပြန်ပြောင်းလို့သာ ငါဖတ်မိနေတာ ........ ငါ့ဘဝ/ငါ့ကဗျာတွေထဲမှာ စာမျက်နှာအဆုံးမှာ အစ ပျိုးလို့ အစကိုမှ နိဂုံးချုပ်ဖို့ ငါကြိုးစားမိနေတာ ...... Thursday, April 4, 2019 

ငါ့အထာနဲ့ငါ

Image
မနီးစပ်နိုင်တော့တဲ့ ဒီဘဝမှာ အရှိတရားလေးသာလက်ကိုင်ထား ရခဲ့သမျှ ဒဏ်ရာတွေအတွက် ဆုအဖြစ်နဲ့ထင်မှတ်ရင်းနဲ့သာ လွမ်းစရာကို နာစရာနဲ့ဖြေရန်မလို အလွမ်းဒဏ်ရာတွေကိုပဲ တသသထုတ်ကြည့်ဖို့ရာ အကြောင်းကံက ဖန်လာတာမို့ လွမ်းနေရတာကပဲ ကိုယ့်ရဲ့ မဟာအခွင့်အရေးလို တယုတယနဲ့ ပိုက်ထွေးနေမိပေါ့ ဘယ်သူလာပြောပြော လွမ်းတာတောင်မှ ငါ့အထာနဲ့ငါ.........