Posts

လီလီပန်းလေး

Image
  လီလီရေ ကိုယ့် အမြင်တော့ ပန်းတကာထဲမှာတော့ ကြွားကြွားလွင့်လွင့် ခန့်ခန့်ထယ်ထယ် နဲ့ မင်းက အရောင်အသွေးစုံလှတယ် .... စွမ်းအားရှိသလောက်  ပွင့်လာတဲ့အခါလည်း လှရက်နိုင်လွန်းတာ  လူတွေရဲ့ စိတ်နှလုံး သိမ်းကြုံးယူငင်လို့ လှမြဲလှလျက် အလှမပျက်ရှာတယ် တာဝန်လည်းကျေတယ် …. လှရက်နိုင်တဲ့ လီလီရေ  ၁၂ ရာသီမှာ အမြဲပွင့်လန်းဖို့ တို့ မျှော်နေမယ်လို့ ....။  သက်တန့်လွှာ (29.1.2024) YGN
လောကမှာ အမှန်တရားဟာ အမြဲ ကန်လန့်ကာနောက်မှာရှိတာ တစ်နေ့ပြီး တစ်နေ့ သိသထက်သိလာ .... ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတာလည်း   ဆင်သေကို ဆိတ်သားရေနဲ့ဖုံးဖို့ကြိုးစား မသူတော်တွေက သူတော်ကြောင်းပြကြလို့ အရူး ဘုံမြှောက်ခံရတဲ့ခေတ်မှာ ကန့်လန့်ကာနောက်က သူ့တို့စိတ်ထားတွေ မရိုးဖြောင့်ဘူးဆိုတာ ကြုံးဖူးမှ သိမှာပါ    ..... ဘုရားသခင်ထံ သွားတဲ့လမ်းမှာ အပြစ်တွေကို ဆေးကြောကြ ဦးချဝပ်တွား သူလမ်းပြခေါ်ဆောင်တဲ့ဆီ သွားနေရင်း စိတ်​၏အလျင်က အရှိန်ပြင်းလှတော့ မထိခိုက်မိဖို့ ထိန်းကြစို့ .....။ သက်တန်လွှာ Oct 23, 2023 (YGN)
  ဖွင့်ထားတဲ့စိတ်ရဲ့   တံခါး အဖြေကိုရှာထား ယုံကြည်သူရင်ထဲ ဒီ   တစ်စိတ်ပဲ   ထွင်းဖောက်လို့ဝင်ခဲ့ ​ အဖြေကရှိနှင့်သတဲ့  ..... အရှုတ်တွေရှင်းရင်း အနုအကြမ်း   ပြေးတဲ့လမ်းမှာ ခေါင်းမော့   ရင်ကော့ မြန်မြန်သော့သော့   ရောက်ချင်လှပြီ   ပန်းတိုင်ဆီ။  
 နာကျင်စေဖို့ မရည်ရွယ်မှန်းသိပေမဲ့ အသည်းခိုက်ခဲ့တဲ့ နေ့တွေညတွေ .… အဆင်မပြေမှုတွေကြားထဲမှာ အဆင်ပြေသယောင် နေတတ်ခြင်းကလည်း စိတ်အေးချမ်းရခြင်းတစ်မျိုးပဲ .... မာနဆိုတဲ့ အလွှာပါးပါး ပိတ်ကာထားတော့ အမှားမြင်လို့ အမှန်ပြင်ဖို့ ခက်သေးတာအမှန် …. ကိုယ်တိုင်သတိမထားမိတတ်တဲ့ အတ္တတွေဟာ ဘက်လိုက်မှုကို ဖြစ်စေတာမျိုးပေါ့ .... အခြေအနေမတူတဲ့ ဖြစ်ရပ်တွေမှာ  ဗြဟ္မစိုရ်တရားဟာ ကွက်ကြားမိုးရွာလို့ ....။ TTH (27.1.2024)

ပျော်စရာအတု

  အဆက်အစပ်မဲ့   စကားလုံးတွေနဲ့   ချိတ်ဆက် ပျော်စရာ   အတုတွေနဲ့ အလွမ်းတွေက   နှစ်ထပ်ကွမ်းမကဘူး  .... အလွမ်းတေးပဲ   နားဝင်ဆံ့တော့သလို အလွမ်းသမား   ဂိုဏ်းဝင်ခဲ့ လွမ်းဆွတ်မှုနဲ့   အကျွမ်းတဝင် ဒဏ်ရာတွေကို   သိုဝှက်လို့ ပုံမှန်နေထိုင်မှုတွေထဲ     .... ဖြတ်တောက်မရတဲ့ကြိုးတွေနဲ့ နှောင်ဖွဲ့ရင်း  ..... ရုန်းထွက်ဖို့   မကြိုးစား မေ့ဖို့ပျောက်ဖို့   မကြိုးစား အကြောင်းကံကို   မပြောင်းမပြန်ပဲ အလိုက်သင့်စွာ   မျောပါခဲ့လေသလား  .... အမြင်တွေ   ဝေဝါးလို့ ပျော်စရာအတုတွေနဲ့ မနေမနား   သွားရအုံးမယ့်   ဒီဘဝခရီးမှာ တစ်နေရာစာတော့     ရှိနှင့်သလား မသေချာ  .... ။   သက်တန့်လွှာ Oct 14, 2022 (SAT)
  နတ်ဆိုးရဲ့   ခြိမ်းခြောက်သံကြောင့် တိုးတိတ်နှုတ်ဆိတ်လို့ နောက်ဆုတ်မဲ့ခြေထောက်က ပါမလာခဲ့  ..... ရှေ့တိုးခဲ့ဟန်   ရုန်းကန်သံသာ ကြားမိခဲ့ အမှန်တရားခါးခါးနဲ့ ဘေးကျပ်နံကျပ်   ဘဝဆိုးတွေမှာ မသာယာဖူးတာ   အမှန်ပါ မပြောဖြစ်တော့တဲ့စကားတွေအတွက် ရင်ဘတ်ချင်းသာသိစေ မတွေဝေ   မတိမ်းစောင်း ဒီလမ်းကပဲ   စောင့်မယ်  .... ။   ဆိုဖူးတဲ့သစ္စာ   မှန်ပါစေ ရွယ်ဖူးတဲ့လက်ချင်း   ချိတ်ကာ သွားကြဦးစို့   မိတ်ဆွေ  ..... ။   July 25, 2022 (Mon)
  ညအမှောင်ကို   ကြောက် လရောင်သာတဲ့နေ့တွေကို   မျှော် လရောင်ကင်းမဲ့ညတွေမှာ   ညတာ တိုပါစေ ဆန္ဒတွေစော   ဆုတွေတောင်းခဲ့  ..... ဘဝရဲ့   ပုစ္ဆာတစ်ချို့ဟာ ရှင်းပြစရာမလို အဖြေမှန်က   ရှိနှင့်လို့ အံဝင်ခွင်ကျဖြစ်ဖို့သာ အားထုတ်မိခဲ့     ..... မူမှန်သူနဲ့   မူမမှန်သူမှာ အချိန်က   စကားပြောလိမ့်မပေါ့ ကိုယ်ကောင်းရင်   ခေါင်းက   ဘယ်မှမရွေ့ဘူး   မဟုတ်လား  .... ရွေးချယ်တဲ့လမ်း   ကြမ်းတမ်းပါစေ တို့မမှုပြီ တက်မရှိတော့ရင်   လက်နဲ့လှော်မယ် ခံနိုင်ရည်အားနဲ့   ဖြောင့်ဖြောင့်လျှောက်မယ်  ....။ July 14, 2022 (THU)