Posts

မျှော်ကြည့်မိခြင်း

တည်ဆောက်ခြင်းနဲ့ ပြိုလဲခြင်းရဲ့အကြောင်း လင်းလက်တောက်ပမှုနဲ့ အမှောင်တွေရဲ့အကြောင်း မေ့မေ့ပျောက်ပျောက်ဖြစ်ဖို့ ယူခဲ့ရတဲ့အချိန်တွေရယ် .... ယုံကြည်ချက်က ကျောက်ဆောင်ပမာ အစွမ်းကုန် စွန့်လွှတ်မှုတွေဟာ လွှတ်ထားတဲ့ စွန်ကလေးဆီ အပေါ်ကိုမျှော်ကြည့်ရင်း မြေပြင်က ရစ်ဘီးလေးပိုင်ရှင်ရဲ့ ခံစားမှုလို .... ဝမ်းသာဝမ်းနည်းရတာတွေကို သရုပ်ပါပါနဲ့ ဖော်ပြမစွမ်းနိုင်သူအဖို့ ကန့်လန့်ကာရဲ့နောက်ကွယ်မှာ မျက်ရည်စတွေနဲ့ ..... နာကျင်မှုတွေကို ချေဖျက်လို့ တောက်ပလာမဲ့ အနာဂတ်အတွက် လက်ချိုးရေတွက် ....။ September 18, 2021

ဆွဲနှုတ်ပစ်တဲ့ဆူးတစ်ချောင်း

လျှောက်ခဲ့ပါတယ်   ဒီလမ်းအတိုင်း နာကျင်ခံရခက်စရာ   အကြောင်းတရားဟာ နှုတ်ရခက်တတ်တဲ့   ဆူးတစ်ချောင်းလို မညှာမတာ   အခါခါမနာကျင်စေချင် တစ်ခါတည်းသာနာပါစေ ဆွဲနှုတ်ပစ်နိုင်ဖို့   ကိုယ်  ...  အမြဲကြိုးစားတယ်။   ငယ်စဉ်ခါက   လိုက်မမှီခဲ့တဲ့စကားလုံးတစ်ချို့က  ..... ခုချိန်မှာ   အံဝင်ခွင်ကျလို့ ပုရွက်ဆိတ်ကလည်း   သူ့အစွမ်းရှိသလို ပုစွန်ဆိတ်ရဲ့စူးကလည်း   နာကျင်စွမ်းစေတာပဲ   ။   အားကြီးခြင်း   အားနည်းခြင်းတိုင်းတာတဲ့အခါ တိုင်းတာရာ   စံပေတံမတူ   မတူညီမှုတွေကြောင့် တန်ဖိုးထားမှုတွေ   ခြားနားလှတယ်  .... ။ ဘဝစာသင်ကျောင်းမှာ အမှတ်ကောင်းကောင်းရဖို့ နိယာမတရားတွေ   နောကျေမှ  ..... ။ ပြုသူအသစ်   ဖြစ်သူအဟောင်း ကြွေးဟောင်းကိုသာ   အကျေဆပ်ပါရစေ ကြွေးသစ်ကိုတော့   ကိုယ့်မှာ   မလိုပြီ  .... ။ လူအချင်းချင်း   လှည့်ပတ်ခြင်း   ကင်းကြပါစေ  .... အထင်သေးခြင်း   အချင်းချင်း   ကင်းကြပါစေ  .... မလိုစိတ်ထား   အမုန်းပွားခြင်း   ကင်းကြပါစေ  ..... ။ ...

အများနဲ့တစ်ယောက်

အများနဲ့တစ်ယောက်  ( အများနဲ့တစ်ယောက် ) ရီချင်စရာမကောင်းတဲ့   ဟာသပြကွက်တွေကိုမှ   လိုက်ရှာရင်း  ..... အများနဲ့တစ်ယောက်  ( အများနဲ့တစ်ယောက် ) လောကကြီးကို   ဟားတိုက်ပစ်ဖို့ ကြိုးစားမိလာတယ်  ..... ထိလွယ်ရှလွယ်   စကားလုံးလှိုင်းတံပိုးတွေအောက် ပြားပြားမှောက်လို့   ဆွံ့အမှုတွေနဲ့ နှလုံးသားဟာ   အခါခါနာကျင်ပေမဲ့ ဒီတခါတော့   ကိုယ့်ကိုယ်ကိုယ်   ကြင်နာတတ်ဖို့   သတိပေးဖြစ်တယ်  ..... ကောင်းကင်ကကြယ်တွေ   အလင်းခချိန် မော့ကြည့်ရင်း  ..... လမိုက်ညမှာ   ပိုပြီးတောက်ပသလို လပြည့်ညဆိုလည်း လမင်းအလင်းရောင်ကို   အားဖြည့်ရင်း ကိုယ်ပိုင်အလင်းဟာ   သူ့နေရာနဲ့သူဆိုတာ တွေ့မိပြန်တယ်  ..... အိပ်ပျက်ညတွေမှာ   အတွေးပို သံသရာလည်နေကျ  .... နာရီတွေရာသီတွေက သူ့အလုပ်သူပုံမှန်လုပ်နေတာ ကိုယ်တွေမှာသာ   ဆန္ဒတွေတွေက   ဟိုးရှေ့ကို ရောက်ချင်ဇောက   အားကြီးရင်း နေ့ညတွေမတူတဲ့   ကမ္ဘာ့အရှေ့နဲ့အနောက်ကို စိတ်အမြန်အားနဲ့   တခဏချင်းရောက်ပေမဲ့ လက်တွေ့ဘဝကို   ပြန်သတိဝင် အသက်ရှူသံ   မြန်ကျန်ရစ်ခဲ့ပေါ့...

အရှုံးထဲကအမြတ်

  သိမ်ပိုက်ထားတဲ့   ရနံ့တွေကို   အငမ်းမရနဲ့နေ့စဉ်ရှူရှိုက်  ..... ခရီးမထွက်ရတာလည်းကြာတော့ အတောင်ပံသစ်တစ်စုံနဲ့ ငါ   ပျံသန်းခဲ့ပြီ  ( ပျံသန်းခွင့်ရခဲ့ပြီ ) စိတ်ကူးတွေနဲ့ပဲပေါ့ .... တို့ဆီမှာ   ခုထိလည်း သေတဲ့သူကလည်းသေလို့ ငတေတွေကလည်း   မာပြီးရင်းမာလို့ မီးခိုးခေါင်းတိုင်က   မီးခိုးတွေဟာ လည်း မစဲပဲ   တသဲသဲရှိနေဆဲပဲ ..... ဒီကာလတွေထဲမှာ အသက်ရှူရခြင်းရဲ့တန်ဖိုးကိုလည်း သိခဲ့ရပြန်သေးတယ်  ..... စိတ္တဇညတွေရဲ့   အိပ်မက်တွေထဲမှာ တွေ့ချင်တဲ့သူတွေနဲ့   လည်း   တွေ့ခဲ့ကြဆုံခဲ့ကြ ဖမ်းဆုတ်မရခဲ့တာပဲရှိတာ  ..... Heart to heart  တဲ့ ငါကြားဖူးတယ်  ..... ရင်ဘတ်ချင်းနီးကြသူချင်း သူငယ်ချင်းရေ   အားမငယ်ပါနဲ့လို့ အပြန်အလှန်   ပြောခွင့်ကြုံရတယ် ဒါလေးကတော့   အမြတ်ပါပဲ  ..... ။   August 10, 2021 (TUE)
 ခုတော့ဖြင့် လေသင်းရနံ့ဟာ ရနံ့တွေလည်းပျယ်လို့ ချိုချဉ်ဖန်ခါး မသိမှုတွေနဲ့ ငဗစ်ဆိုတဲ့အကောင်က လူသားတွေကို စမ်းသပ်တယ် .... မရဏလမ်းဟာ  ဟောဟိုက ... လက်တစ်ကမ်းမှာတဲ့ သူက မျက်စပစ်နေတော့ အညံ့ခံလို့မဖြစ် အနေအစားမှန် ကိုယ်ခံအားသန်ပါမှ ဒီလမ်းကလွတ်လျော့မယ် .... အားတင်းထားကြမယ် မရဏမင်းတို့ လက်တို့ခေါ်ရာ ငါတို့မပါကြေး အချိန်မှ မတန်သေးပဲ .... ကြည့်ကြစမ်း အာရုံမလွဲနဲ့ နံရံရဲ့ တစ်ဖက်မှာ တို့တွေ အနာဂတ်ရှိတယ်လေ .... တစ်ယောက်ထဲတွန်းရုံနဲ့ မပြို အများအားနဲ့မှ ပြိုမှာသေချာလို့ ပြိုင်တူတွန်းဖို့ အင်အားလိုတာမို့ ကျန်းမာအောင် နေကြပါစို့ ....။  (မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ နှင့် ချစ်ခင်သူများသို့) August 1, 2021 ( SUN) 
  အမှန်တရားက   လမ်းထွက်လျှောက်တုန်း ရင်ခွင်တစ်ခုလုံး   ဗလာကြီးနဲ့ ခါးသက်သက်   အတွေ့အကြုံတွေကလည်း ကိုဗစ်နဲ့မှ   မိတ်ဖွဲ့ကြရသတဲ့  .... သူကလည်းအလစ်သုတ်ဖို့   တစ်နေရာကစောင့်ကြည့် ပေစောင်းစောင်းနဲ့   အာပေတူးခမျာ O2 ရှာဖွေရေးလုပ်ရင်း သူတပါးလည်း   ကူညီရင်းပဲ အဆုတ်ထဲ   ရှိုက်ထဲ့လိုက်မိသတဲ့  .... ငါတို့မှာ   ငါတို့ပဲရှိတာကလား ဒီမနက်   ကြက်ဥတစ်လုံး   ၅  ကျပ် နဲ့ရမတဲ့ ဒီနှလုံးသားတွေနဲ့ ဒီမြေ   ဒီရေမှာ   ကောက်ရိုးလေးတစ်မျှင်လည်း   အားဖြစ်တယ်  .... ဒီချိန်မှာ   ဆင်ရဲသားလူချမ်းသာမကွဲ ဒီလေကိုပဲ   ဝအောင်ရှူရဖို့ အသက်တွေစတေး တစ်အိမ်တစ်ယောက်ထွက် ကိုဗစ်နဲ့   ထွေပစ်တမ်းကစားကြရတယ်  .... အားတင်းထားစို့   သန်းခေါင့်ထက်   ညဉ့်မနက်နိုင်ဘူး ဒီတောင်ကို   မောင်ပဲဖြိုဖြို မယ်ပဲဖြိုဖြို   ပြိုဖို့သာအဓိက လဲနေသူဆွဲထူကြ အားငယ်သူ   အားပေးကြ  ... ။   သက်တန့်လွှာ ၂၁ . ၀၇ . ၂၀၂၁ ( ဗုဒ္ဓဟူး )
  အလွမ်းစကားတွေချည်းပဲ   မဆိုပါရစေနဲ့တော့ တစ်နေ့ဒီလမ်းသွားရမှာဆိုပေမဲ့ နှမျောတသရလို့   ဟောဒီကမ္ဘာမှာ   အချိန်မတန်ပဲ   တဖြုတ်ဖြုတ်ကြွေကျ ဘဝများစွာ ရင်တွေလည်းတဆစ်ဆစ်နာရ  .... ကိုယ်ရှူမဲ့လေတောင်   အလုံအလောက်မရတဲ့ဘဝတွေနဲ့   မရှူနိုင်မကယ်နိုင် လေကို   အလုအယက်ဝယ်ရှူရတဲ့ပြည်မှာ အို  ...  ကန့်သတ်မှုပေါင်းများစွာရယ် ထိုးနှက်လာတဲ့   လောကဒဏ်တွေက ထောင်းထောင်းကြေ   နေခဲ့ကြပြီလေ  ..... နေ့မြင်ညပျောက်အခြေအနေတွေနဲ့ တစ်နေ့ပြီးတစ်နေ့ပဲ မနက်နိုးထခွင့်နဲ့   အသက်ဝဝရှူလို့ရသေးရင် တစ်ရက်တာကျော်ဖြတ်နိုင်ခဲ့ပြီရယ်လို့တွေး ကပ်ဘေး   ကပ်ဆေးချိန် အနေကြပ်အသေကြပ်တဲ့လောကကြီးမှာ အမေအိုအတွက်လည်း   ရှင်သန်ခွင့်ပေးပါ ကျွန်ုပ်တို့အားလည်း သန်မာခွင့်ရစေပါ   အို  ...  ဘုရားရှင်   🙏🙏🙏