တောင်းဆုတွေခြွေတယ်

ကြွေးဟောင်းတွေကျေလို့

ကြွေးသစ်ချနေသလို

နောက်ကျောကို ထိုးတဲ့ဓားက

သူ့သစ္စာနဲ့ သူ့မေတ္တာစွမ်းကြောင့်

ထိုးကားထိုး၏ တိုးမပေါက်သာ .... 


တစ်ဘဝတစ်ခါနေရခိုက်

ရင်ဝယ်သားကဲ့သို့ မေတ္တာနဲ့ ထီးလိုမိုး

သစ္စာတွေဆောင်လို့ ခရီးရောက်အောင်

မဆုတ်မနစ် ချီတက်နေတုန်း

သူဖောက်ခဲ့တဲ့လမ်းခရီးတစ်ထောက်မှာ

သူ့အရိပ်ကို နင်းတက်လျှောက်ဖို့တော့မကြံရွယ်စေလို .... 


အားထုတ်မှုတို့ ဘယ်တော့မှ မဝေဝါး

ရပ်တည်ချက်တို့ သံမဏိပမာ

ဘဝဇာတ်ခုံ အစုံစုံမှာ

တော်ရာဇာတ်ရုတ်နဲ့ ပိုင်နိုင်စွာကနိုင်လို့

အားလုံးက သူမှသူရယ်လို့ 

တသသဖြစ်ကြတာ ဆန်းသလား  .... 



လူယုတ်မာတို့ ဘယ်လိုပင်ကြံပါစေ

ဘဝတစ်လျှောက် ခရီးဆုံးထိရည်စူးလို့

အဓိကနဲ့ သာမညခွဲခြား

သွေဖီမသွားတဲ့ ပန်းတိုင်ဆီသာလျှောက်ခဲ့

ခုလည်းလျှောက်နေဆဲ

ဟိုးရှေ့မှာ မြင်ရတော့မဲ့

နိုင်ငံတော်သစ်ဆီ

မှန်းဆရင်းနဲ့ပေါ့  ....


သူမဆန္ဒ တို့တတွေဖြည့်ရမယ်

အားလုံးက ကိုယ့်တာဝန်ကိုယ်ကျေ

ရေလောင်းပေါင်းသင် ကျရာဝန်ကိုထမ်း

ခမ်းနားတဲ့ နိင်ငံတော်သစ်ဆီ

ပွင့်လာတဲ့အသီးအပွင့်တွေက

အားလုံးနဲ့သက်ဆိုင်ခြင်းဟာ

ညီညွတ်မျှတခြင်းရဲ့ အဓိပ္ပယ်ပေါ့ .....။


သားတို့သမီးတို့အတွက်

မေတ္တာနဲ့ဖောက်တဲ့ လမ်းပေါ်မှာ

လမ်းပြကြယ်ပမာပဲမို့

နောက်ထပ်နောက်ထပ်

မွေးနေ့များစွာ ဖြတ်ကျော်လို့

လိုလားတောင့်တမှုတွေပြည်ဝပါစေ

အမေ့ဆန္ဒတွေအတွက် 

သားတို့သမီးတို့ တစ်လှည့်ပေးဆပ်ခွင့်ကြုံတုန်း ပေးဆပ်ခွင့်ပြုပါ အမေ ..... 

(ကမ္ဘာ့မိခင်ကြီးရဲ့ ၇၆ နှစ်ပြည့်မွေးနေ့လက်ဆောင်)

(၁၉.၀၆.၂၀၂၁) စနေ။ 

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ