Posts

ရပ်တည်မှုတစ်ခုရဲ့ပြယုဂ်

Image
ဘယ်သူက   ခိုင်းစေသလဲမေးရင် အဖြေတော့မရှိ   ရင်ထဲကအရာ   ဘာမှန်းမသိခဲ့သလို သိဖို့ရာလည်း   ကြိုးစားမနေချင်  ..... အရာရာတိုင်းမှာ   နားလည်ပေးတတ်လွန်းတော့   အမေ့ခံဘဝ   ရောက်မှန်းမသိ အလိုက်သိတတ်လွန်းတော့ တာဝန်တစ်ရပ်ကဲ့သို့  ..... ထာဝရလား   တစ်ခဏလား   ခွဲခြားမသိ အမှတ်တမဲ့ထက်   အမှတ်တရက ပိုသာခဲ့တယ်ဆိုတဲ့အတွေး   ဒီမှာတင်ရပ်သင့်သလား  ..... အကျိုးမမျှော်ခဲ့ဘူးဆိုတာ   သေချာလွန်းလို့ သစ္စာတရားနဲ့   အချိန်တွေရယ်   သက်သေပြုလိမ့်မယ်  ..... (၂၈.၀၆.၂၀၂၀) ရန်ကုန်။ 

ဝမ်းစာ

သိလာခဲ့တယ် အတွေ့အကြုံများစွာနဲ့ရယ် အောင်မြင်မှုအစစ်က ဘာလဲဆိုတာ လွတ်လပ်မှုနဲ့ ပုံဖော်ထုဆစ်  တစ်နေ့ ပန်းတိုင်ရောက်ရမယ်လို့ ..... နေရိပ်အလာ နေပူကစောင့်ရတာလည်း ဓမ္မတာပဲမို့ ဉာဏ်ပညာဦးဆောင် ထီး ဖိနပ်ကလေးလည်း ဆောင်ရတာပဲပေါ့ ..... ကျင်လည်ရာ ဘဝတာမှာ လိုက်လေရှာလေ ဝေးဝေးပြေးလေမို့ ငွေကြေးနောက်ကို တို့ မလိုက်လို တစ်နေ့နေ့ရယ် ငွေဆိုတာ လူနောက်လိုက်လာဖို့ ဝမ်းစာတွေရယ် ဖြည့်ကြဖို့ပဲ ဆိုတာ သိလာခဲ့ပြန်တယ် .... အလျော်အစားတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေကလည်း ဘဝမှာ အရေးပါသမို့ ကြီးကြီးသေးသေး ဒါ တို့အရေးပဲလို့ နေ့ရက်တိုင်းမှာ စိတ်ဝယ်မှတ်ထား  ကြိုးစားရပ်တည်လို့ရယ်  ခရီးဆက်ရပြန်ပြီလေ ..... (၂၇.၀၆.၂၀၂၀) ရန်ကုန်။ 

ယုံကြည်ရာရယ် နောက်နေ့သစ်များဆီ

Image
ဒီလိုနေ့မျိုးပေါ့ ကိုယ်စိတ်ကူးတွေနဲ့ ခဏခဏအရောက်သွားလို့  .... ဒီလိုနေ့မျိုးပေါ့ အိပ်မက်တွေထဲ အစီအစဉ်တကျ ကိုယ်လေ စီးမျောခဲ့ဖူးပေါ့ .... ဒီလိုနေ့မျိုးပေါ့ တစ်ခါတစ်ခါ  ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလို့ လိုက်ရှာခဲ့ရ တစ်ခဏတွေလည်း ရှိခဲ့ပေါ့ ..... ဒီလိုနေ့မျိုးတွေ များစွာရယ်နဲ့ ဆယ်စုနှစ်တွေရယ် လေးကြိမ်ရောက်လာ လောကဒဏ်ကိုလည်း အနိုင်တိုက်လို့ တစ်လုပ်စားဖူး သူ့ကျေးဇူးလည်းဆပ်လာခဲ့ရင်း မိတ်ကောင်း မိတ်တုလည်း ခွဲခြားတတ်ခဲ့ပြီ လိုသုံးများနဲ့လည်း ဝေးဝေးနေတတ်ခဲ့ပြီ ..... ဒီကနေ့ထိတိုင်  ယုံကြည်ရာရယ် စေတနာရယ်မှန်စွာနဲ့ မယိုင်မနဲ့ ငါလျှောက်ခဲ့လို့ ဒီတိုင်းသာ ဆက်လျှောက်ဖို့ အားမာန်ထည့်ရင်း ပတ္တမြားရတုမှသည် နီလာ၊ ရွှေ၊ မြ၊ စိန်ရတု ဆီ .....။ (ပတ္တာမြားရတု အမှတ်တရ) (၂၅.၀၆.၂၀၂၀) ရန်ကုန်။
အသက်နဲ့ထပ်တူ   စကားလေးရယ် ဘယ်တော့မှမမေ့ဘူး   ပြောခဲ့တာရယ် အလျာအနံမဲ့ပေမဲ့   အသွားအပြန်ရှိတယ်ဆိုတာ မေတ္တာတစ်ခုပဲရှိတယ်   ထင်ပါရဲ့ ..... မေတ္တာမျှခဲ့ကြတယ်ဆိုတာ ​ အဖိုးအဖွားခေတ်ရယ်ကတည်းက   မကပဲ သစ္စာများနဲ့   တည်ဆောက်လို့ ညစ်ပေတဲ့   အတွေးများလည်းမတွေး ပေးဆပ်ခြင်းရယ်လို့   အမည်မတပ်ပဲ ထာဝရကောင်းကျိုးကိုသာ   ရှေးရှုလို့ နေလာခဲ့သော   ကာလများလည်း ရှိခဲ့တာ သေချာတယ်လို့   ..... (နံနက်ခင်းအတွေးတစ်စ) (၂၂.၀၆.၂၀၂၀) ရန်ကုန်။ 

ပြောပြချင်တဲ့ အကြောင်းလေး

ပြောပြချင်တယ်  ဒီကနေ့ အဆင်ပြေတဲ့အကြောင်းလေး  ..... ပြောပြချင်တယ် ဒီကနေ့ နေသာတဲ့အကြောင်းလေး ..... ပြောပြချင်တယ် ဒီကနေ့ စိတ်ကြည်လင်နေတဲ့အကြောင်းလေး ..... ပြောပြချင်လို့ ဒီလိုပဲ သာယာတဲ့ လမ်းလေးပေါ်  အလိုက်သင့်လေး လျှောက်နေဆဲပဲလို့လေ ..... ပြောပြချင်သေးတယ် ဒီလိုလေး လျှောက်နိုင်ဖို့ ဝါယမလေးတော့ စိုက်ခဲ့တယ်ဆိုတာကိုပေါ့ .....။ (၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

ဆယ်စုနှစ်လေးစုစာအတွေး

ကလေးဘဝအရွယ် ငယ်ကတည်းက ရင်တွင်းမေတ္တာ  ထုတ်ကာမပြ တိတ်ဆိတ်ခြင်းနဲ့ မိတ်ဖွဲ့ တိုးတိတ် စိုးစိတ် ဘဝင်မကျခဲ့လေသမျှ ဘဝခရီးလမ်း တစ်ဝက်ရယ်မှာ သူကောင်း ကိုယ်ကောင်း ကောင်းကျိုးတွေ ဆောင်လို့ ဟန်ဆောင်အလွှာတွေ ထိုးဖောက် သံယောဇဉ်အားတွေနဲ့  ခရီး နှင်လို့ရယ် ..... .. ဆယ်စုနှစ် လေးစုရောက်လာ လူကဲခတ်ခြင်းပညာမှာ တစ်ဖက်ကမ်းခတ်လို့ မညီမျှခြင်းများနဲ့ ကြုံရဆုံရ ဒီဘဝမှာ ကိုယ်မသိနိုင်ခဲ့တဲ့ ဝဋ်ကြွေးများ ကျေစေလိုရင်း ပေးဆပ်ရင်းနဲ့သာ ..... ၁၀   စုနှစ်လေးစုစာ  ဘဝမှာ   ထင်ဟပ် နုနယ်ပျိုမြစ်ခြင်းမှသည်  သစ်ရွက်ပမာ တစ်နေ့ကြွေမှာပဲမို့ အပြစ်ဟူသမျှ ကင်းပါစေကြောင်း သံသရာအကြွေးလည်း ငါ ဆပ်ရင်း လောကဒဏ်ကို အံတုလို့ ငြိမ်သက်ခြင်းနဲ့ တည်ငြိမ်တတ်ခဲ့ပြီ ......။ (၁၉.၀၆.၂၀၂၀) ရန်ကုန်။ 

အုံ့ပုန်း

အုံ့ပုန်းတဲ့ ..... ငယ်စဉ်ကတည်းက  မျိုသိပ်ခြင်းနဲ့ပဲ ရင်းနှီးလာခဲ့ ဘယ်သူတွေ ဘာပြောပြော စကားလုံးတွေက သက်သေပဲမို့ ကိုယ့်စိတ်နဲ့ကိုယ် အဖော်ပြုလို့ အနေတတ်ခဲ့တယ်။ ဝေဒနာ မကြေညာကြေးရယ်လို့ ဘယ်သူနဲ့မှ ကတိစကားတွေမထားခဲ့ စကားလုံးများက အလှအပ အနုအရွထက် အရှိအတိုင်းလေးပဲ ကောင်းပါတယ်လေ ......။ (၁၉.၀၆.၂၀၂၀) ရန်ကုန်။