ကိုယ်ချင်းစာတရားများ ငါတို့ ပို့လွှတ်ကြမယ်

ဒီကမ္ဘာ ကပ်ရောဂါဆိုးက
လူတောထဲ တိုးတိုးလာလို့

လူ့ဘောင်ထဲက လူတွေမှာလည်း
လူတောတိုးမှာ ပိုပိုကြောက်လာ ....


ခုနေခါမတော့ နီးရာလူချင်း
သံသယတွေနဲ့သာ

အနေဝေးလည်း အဝေးနေမဟုတ်တာမို့
အသိသတိကိုယ်စီရှိရမှာ ....



အတွယ်ရှိမှ ရှင်သန်နေနိုင်တဲ့
ဒီသတ္တဝါကို ပေါ့ပေါ့ဆဆမရှိကြနှင့်

ဆင်းရဲချမ်းသာ အရောင်မခွဲခြား
တွယ်တတ်တာမို့ အတွယ်မခံဖို့သာ
အရေးကြီးလို့ ....



ဈေးသည်လည်း အသက်တစ်ချောင်းတည်း
စက်ရုံလုပ်သားလည်း အသက်တစ်ချောင်းတည်း
....
.....

အို .. ကာယ၊ ဉာဏလုပ်သားမကျန်
မွေးဖွားလာကတည်းက အသက်တစ်ချောင်းတည်းပါ .....


သေတစ်နေ့ မွေးတစ်နေ့
အသက်ကို အပေါင်ထားလို့

တစ်ချို့က သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်
တစ်ချို့က လူ့ကမ္ဘာကို ကယ်တင်ဖို့အတွက် .....


သူတို့ရဲ့ ချွေးစက်တွေ
သူတို့ရဲ့ မျက်ရည်စက်တွေက
အို ဒီကမ္ဘာမြေအတွက်
ဆေးတစ်ခွက်ဖြစ်လို့

ကိုယ်ချင်းစာတရားများ
ငါတို့ ပို့လွှတ်ရင်း
ဆုတောင်း မေတ္တာခြွေကြမယ် .....


TTH (20.4.2020)

Comments

Popular posts from this blog

ပျော်ပါစေ

ခန္တီစ နှင့် သောဝစဿတာ မင်္ဂလာ